အပ်ထားတဲ့ငွေတစ်ထောင်ကို အရက်ဝယ်သောက်လိုက်တဲ့ ဖခင်ကို သားက ဓားနဲ့ထိုးသတ်

အပ်ထားတဲ့ငွေတစ်ထောင်ကို ပြန်တောင်းရာမှာ “ အရက်ဝယ်သောက်လိုက်ပြီဖြစ်ကြောင်းနဲ့ မပေးနိုင်ဘူးလို့ ဆဲဆိုပြီး လက်သီးနဲ့ ထိုးခဲ့တဲ့ ဖခင်ကို သားဖြစ်သူက ဓားနဲ့ ထိုးသတ်ခဲ့မှု တောင်ဒဂုံမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၈ ရက် ည ၈ နာရီခန့်က တောင်ဒဂုံမြို့နယ်၊ ၂၂ ရပ်ကွက်မှာ အသက် ၄၆ နှစ်အရွယ် ဦးစိုးနိုင်ဆီကနေ အတူနေ သားဖြစ်သူ အသက် ၁၈ နှစ်အရွယ် ကရင် (ခ) နိုင်လင်းက သူအပ်ထားတဲ့ ငွေတစ်ထောင်ကို ပြန်တောင်းခဲ့ရာ ဦးစိုးနိုင်မှ အရက်မူးပြီး အရက်ဝယ်သောက်လိုက်ပြီဖြစ်ကြောင်းနဲ့ မပေးနိုင်ဘူးလို့ ဆဲဆိုကာ လက်သီးနဲ့ ထိုးခဲ့တာကြောင့် ကရင် (ခ) နိုင်လင်းကနေ အနီးရှိ ၈ လက်မလောက်ရှိတဲ့ ဓားနဲ့ထိုးခဲ့တယ်လို့ ရဲမှတ်တမ်းအရသိရပါတယ်။

ဓားထိုးခံရမှုကြောင့် ဦးစိုးနိုင်မှာ ရင်ညွှန့်ထိုးသွင်းဒဏ်ရာရရှိခဲ့ပြီး သင်္ဃန်းကျွန်း (စံပြ) ဆေးရုံကို ပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့ပါတယ်။

ဖခင်ဖြစ်သူကို ဓားနဲ့ထိုးခဲ့သူ ကရင်(ခ)နိုင်လင်းကို (ပ

)၂၁၂၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူထားတယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တောင်ဒဂုံမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီမှ “ ဒီလိုကိစ္စကြီးက လုံးဝမဖြစ်သင့်ပါဘူး။ တောင်ဒဂုံမှာ ဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီးလူထုအပေါ် အသိပညာပေးမှုတွေ အရမ်းအားနည်းနေပါတယ်။ တရားဥပဒေစိုးမိုးရေး ပညာပေးမှုတွေ လုပ်နိုင်ဖို့ ကျွန်တော်တို့အနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို တင်ပြထားတာရှိပါတယ်။အခုထိတော့ အကောင်အထည်မဖော်နိုင်သေးပါဘူး။ အားလုံးပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်”လို့ သူ့ရဲ့အမြင်ကို Duwun ကိုပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရှိ တောင်ဒဂုံမြို့နယ်၊လှိုင်သာယာမြို့နယ်၊ သန်လျင်မြို့နယ်နဲ့ ကမာရွတ်မြို့နယ်တို့မှာ ရာဇဝတ်မှု အများဆုံးဖြစ်ပွားနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ရဲ့ ၂၀၁၆ ခုနှစ် စာရင်းတွေအရသိရပါတယ်။

Shwe Burma