ရုပ်ပိုင်းဆိုင်ရာ အရွယ်တင်နုပျိုစေပြီး စိတ်ဓာတ်ကြံ့ခိုင်သန်မာစေတဲ့လေ့ကျင့်ခန်း(၅)မျိုး

ပျိုမေတို့ဟာ ရုပ်ပိုင်းဆိုင်ရာလှပနုပျိုဖို့နဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့အတွက် နည်းလမ်းအမျိုးမျိုးရှိတဲ့အထဲမှာ အကောင်းဆုံးနည်းလမ်းကတော့ လေ့ကျင့်ခန်းလုပ်ပေးတဲ့နည်းလမ်းပါ။ နေ့စဉ်ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေကို ဖယ်ရှားပြီး သန်မာတဲ့သူတစ်ယောက်ဖြစ်ဖို့ နေ့စဉ်ဒီလေ့ကျင့်ခန်းလေးတွေကို လုပ်ပေးလိုက်ပါ။

(၁) အသက်ရှူလေ့ကျင့်ခန်း

လေကို ရှိုက်သွင်းလိုက်ပြီး နှစ်စက္ကန့်လောက်နေပြီး အဆုတ်ထဲရောက်သည်အထိရှူသွင်းလိုက်ပါ။ ပြီးရင် ထွက်လေကို ပါးစပ်ထဲကနေဖြည်းဖြည်းချင်းထုတ်ပေးလိုက်ပါ။ အဲ့ဒါကို မိနစ်အနည်းငယ်လုပ်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ထဲကသွေးလှည့်ပတ်မှု၊ အစာချေစနစ်တွေ ကောင်းကောင်းလှည့်ပတ်ဖို့ အထောက်အပံ့ ပေးနိုင်ပါတယ်။

(၂) သွေးပူလေ့ကျင့်ခန်း

ခြေထောက်နှစ်ဖက်ကို ပခုံးအကျယ်လောက် ခွဲရပ်ပြီး ဒူးတွေကို အနည်းငယ်ကွေးထားပေးလိုက်ပါ။ လက်နှစ်ဖက်ကို ရှေ့နောက်၊ ဘေး ဘယ်ညာ လွဲပေးပါ။ ခန္ဓာကိုယ်ထဲက သွေးတွေပူလာသည်အထိ အဲ့ဒါကိုလုပ်ပေးပါ။ မနက်ခင်းမှာလုပ်ပေးမယ်ဆိုရင် တစ်နေ့လုံးလန်းဆန်းစေပါတယ်။

(၃) အကြောလျှော့လေ့ကျင့်ခန်း

ခြေထောက်နှစ်ဖက်ကို ပခုံးအကျယ်လောက်ခွဲရပ်ပြီး ခန္ဓာကိုယ်ကို အရှေ့ကိုကိုင်းလိုက်ပါ။ လက်တွေကိုဆန့်တန်းထားပြီး ကြမ်းပြင်ဘက်နီးသထက်နီးအောင်လုပ်ပေးပါ၊ ဒူးတွေကိုလုံးဝမကွေးစေဘဲ ၊ကျောပြင်ကိုလည်းတတ်နိုင်သလောက်ဖြောင့်မတ်ထားပါ၊ မျက်နှာကိုလည်း ကြမ်းပြင်ကိုမကြည့်ဘဲ အရှေ့ဘက်ကိုကြည့်ပါ။ အဲ့ဒီအနေအထားအတိုင်း(၁၀)စက္ကန့်လောက်နေပြီး ဖြည်းဖြည်းချင်းပြန်မတ်ပေးပါ။ အဲ့ဒါကို (၆) ကြိမ်လုပ်ပေးရုံနဲ့ နောက်ကျော်ဘက်ကြွက်သားတွေပုံစံမှန်စေပြီး၊ ကျောက်ကပ်ကျန်းမာရေးကို တိုးတက်စေပါတယ်။

(၄) နောက်ကျောလေ့ကျင့်ခန်း

ခန္ဓာကိုယ်ကိုမတ်မတ်ရပ်ပြီး ဦးခေါင်းကိုအနောက်ဘက်လှန်နိုင်သလောက်လှန်ချလိုက်ပါ။ အဲ့ဒီအနေအထားမှာ စက္ကန့်အနည်းငယ်နေပြီး အသက်ရှူသွင်း၊ရှူထုတ်လုပ်ပေးပါ။ ပြီးရင်နဂိုပုံစံအတိုင်းပြန်နေလိုက်ပါ။ ဒါကို (၆)ကြိမ်၊ ၃ ကျော့လုပ်ပေးရမှာပါ။ ခန္ဓာကိုယ်အနေအထားမှန်ကန်စေပြီး၊အမြင်အာရုံကောင်းမွန်စေတာ၊ သွေးလှည့်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။

(၅) လက်ဆန့်ထုတ်လေ့ကျင့်ခန်း

ခြေထောက်နှစ်ဖက်ကိုစုပြီး ခန္ဓာကိုယ်ကိုမတ်မတ်ရပ်ပါ။ လက်နှစ်ဖက်ကိုဘေးဘက်ချထားရာကနေ ခေါင်းပေါ်ကိုဆန့်ထုတ်လိုက်ပြီး လက်ဝါးနှစ်ဖက်ကိုယှက်ထားလိုက်ပါ။ လက်တွေကိုအပေါ်ဘက်ဆန့််နိုင်သလောက်ဆန့်ထုတ်ပြီး အဲ့ဒီအချိန်မှာပဲ ခြေဖျားထောက်ပေးပါ။ အဲ့ဒီအနေအထားမှာ စက္ကန့်အနည်းငယ်လောက်နေပေးပြီး အသက်ရှူသွင်း၊ရှူထုတ်လုပ်ပေးပါ။ ပြီးရင် နဂိုအနေအထားအတိုင်းပြန်နေပေးလိုက်ပါ။ အဲ့ဒါကို (၆)ကြိမ် ၊ ၃ကျော့လုပ်ပေးရမှာပါ။ ဒီလေ့ကျင့်ခန်းက အဆုတ်၊အသည်း၊အူလမ်းကြောင်းနဲ့ကျောက်ကပ်ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေနိုင်ပါတယ်။

Shwe Burma