(၂၀၁၉)ခုနှစ်အတွက် ရာသီခွင်အလိုက် ကံကြမ္မာအကျိုးအကြောင်း ဟောစာတမ်း

(၁) Aries (မိဿ)ရာသီဖွားများ

မတ်လ (၂၁)မှ ဧပြီ (၂၀)အတွင်း မွေးဖွားသူတွေဟာ မိဿရာသီဖွားတွေလို့ ပြောလို့ရပါတယ်။ နှစ်သစ်မှာတော့ မိဿရာသီဖွားတွေအတွက် နှစ်ဟောင်းက အဆင်မပြေခဲ့တဲ့ အကြောင်းအရာတွေ အဆင်ပြေဖို့ရှိပြီး၊ ယခုနှစ်မှာ အဆင်ပြေသလောက် စိန်ခေါ်မှုတွေ များစွာ ရင်ဆိုင်ရနိုင်ပါတယ်။ မိသားစုရေး အနည်းငယ် အကြပ်အတည်း ဖြစ်တတ်ပြီး၊ အချစ်ရေးကောင်း၊ ပညာရေးကောင်းပါတယ်။

လောဘတကြီး ရင်းနီးမြှုုပ်နှံမှုတွေကြောင့် လူရင်းတွေရဲ့ လိမ်လည်မှုတွေလည်း ခံရနိုင်ပါတယ်။ အချစ်ရေးမှာ ကြားဝင်နှောက်ယှက်နေသူတွေ ရှိတတ်သော်လည်း သိပ်ပြီး စိုးရိမ်စရာတော့ မရှိပါဘူး။ အိမ်ထောင်ရှင်တွေအဖို့တော့ သားသမီးရတနာ ထွန်းကားမယ့် နှစ်ပါ။ နိုင်ငံခြားခရီး သွားရဖို့တော့ မရှိပါဘူး။

( ၂ ) Taurus (ပြိဿ)ရာသီဖွားများ

ဧပြီ (၂၀)မှ မေ (၂၁)အတွင်း မွေးဖွားခဲ့ကြသူတွေကိုတော့ ပြိဿရာစီဖွားတွေလို့ ခေါ်ပါတယ်။ ယခုနှစ်မှာတော့ ဆွေမျိုးသားချင်းအကြားကြား အမွေနဲ့ပတ်သက်တာပဲဖြစ်ဖြစ်၊ တစ်ခြားစီးပွားရေးနဲ့ပတ်သက်တာပဲဖြစ်ဖြစ် အငြင်းပွား အမုန်းပွားရတတ်ပါတယ်။ အိမ်ထောင်သည်တွေ အထူးကောင်းမွန်မယ့် နှစ်ဖြစ်ပါတယ်။

(၂၀၁၉)ခုနှစ်ဟာ ပြိဿရာသီဖွားတွေအတွက် စီးပွားရေးနဲ့ လုပ်ငန်းကိုင်ငန်းတွေ အဆင်ပြေစေမယ့်နှစ် ဖြစ်သော်လည်း အစုအစပ်နဲ့ လုပ်ရတဲ့ လုပ်ငန်းမျိုးကို ငွေမလွန်၊ ကတိမလွန်ခင် ဆင်ခြင်ဖို့ လိုပါတယ်။ ဝေးကွာနေပြီဖြစ်တဲ့ သူငယ်ချင်းဆွေမျိုးများနဲ့ ထင်မှတ်မထားဘဲ ပြန်ဆုံနိုင်ပြီး၊ လူပျိုကြီး အပျိုကြီးတို့ ကံပေါ်နိုင်မယ့် နှစ်ပါ။

( ၃ ) Gemini (မေထုန်)ရာသီဖွား

မေလ (၂၁)မှ ဇွန်လ (၂၀)အတွင်း မွေးခဲ့ကြသူတွေကို မေထုန်ရာသီဖွားတွေလို့ ခေါ်ပါတယ်။ (၂၀၁၈)ခုနှစ်ကတော့ မေထုန်ရာသီဖွားတွေ ရွှေထီးဆောင်းခဲ့တဲ့ နှစ်ဖြစ်ပြီး၊ ဒီနှစ်မှာလည်း အခက်အခဲမရှိစွာနဲ့ နှစ်တစ်ခုကို ဖြတ်သန်းနိုင်မှာပါ။ ရှုပ်ထွေးနက်နဲတဲ့ ပိုင်ဆိုင်မှုကိစ္စ၊ စာချုပ်စာတန်းကိစ္စ ဖြစ်တတ်လို့ ကြိုရှောင်ဖို့ ပြောချင်ပါတယ်။

ကျန်းမာရေးကတော့ နည်းနည်းလေး ဂရုစိုက်ရမယ့် နှစ်ဖြစ်ပြီး၊ အဆုပ်၊ လည်ပင်း၊ အာရုံကြော ဂရုစိုက်ရမယ့် နှစ်လို့ ဆိုချင်ပါတယ်။ လုပ်တိုင်းအောင်မြင်နေတဲ့ စီးပွားရေးကြောင့် အလှမ်းလည်း သိပ်မကျယ်ဖို့ ပြောချင်ပါတယ်။ အချစ်ရေးမှာတော့ အခုနှစ်က မေထုန်ရာသီဖွားတို့အတွက် လိုက်လေပြေးလေး၊ ရပ်လေ ဝေးလေ ဖြစ်တတ်လို့ ခဏ စောင့်ကြပါဦး။

(၄) Cancer (ကရကဋ်)ရာသီဖွားများ

ဇွန်လ (၂၁)မှ ဇူလိုင် (၂၀)အတွင်း မွေးဖွားကြတဲ့ ရာသီဖွားတွေကို ကရကဋ်ရာသီဖွားတွေလို့ ခေါ်ပါတယ်။ ယခုနှစ်မှာတော့ စီးပွားရေးရာ ကိစ္စတွေမှာ ဖိအားတွေ၊ စိတ်ပျက်အားငယ်စရာတွေ ကြုံရနိုင်တာမို့ ရောင်းမှား၊ ဝယ်မှား မဖြစ်ရအောင် သတိနဲ့ ကြိုတင်ဆင်ခြင်ကြဖို့ သတိပေးလိုပါတယ်။ သတိမမူမိမှာ စိုးလို့ပါ။

ပညာရေး အိမ်ထောင်ရေးကတော့ အထူးကောင်းမွန်နိုင်ပြီး၊ ယေဘုယျအားဖြင့်တော့ ယခုနှစ်မှာ ဒီရာသီဖွားတွေ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ ထင်ပေါ်ကျော်ကြားမယ့် အချိန်ဖြစ်ပါတယ်။ အချစ်ရေးမှာတော့ မိမိသဘောကျနှစ်ခြိုက်သူရဲ့ မေတ္တာကို ပြန်ရဖို့ရှိပြီး၊ ဦးခေါင်းနဲ့ မျက်စိကျန်းမာရေး အထူးဂရုစိုက်ပါ။

( ၅ ) Leo (သိဟ်) ရာသီဖွားများ

ပြီးခဲ့တဲ့နှစ်က မပြေလည်ခဲ့သလောက် ဒီနှစ်ကတော့ သိဟ်ရာသီဖွားတို့ အလှည့်ဖြစ်လာမှာပါ။ အခုနှစ်ကတော့ လုပ်တိုင်းအောင်မြင်၊ တူးတိုင်းရွှေထွက်၊ စိုက်တိုင်း သီးမယ့် အချိန်ပါဘဲ။ ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ်၊ လုံ့လ၊ ဝီရိယရဲ့အကျိုးကို ကောင်းကောင်း ခံစားရမှာပါ။ သတိထားရမှာက သင်က ဝန်ထမ်းဆိုရင် အထက်လူကြီးနဲ့ သင့်အကြား အတို့အထောင်တွေ ရှိတတ်ပါတယ်။

စီးပွားရေးမှာတော့ အရောင်းအဝယ်၊ အထည်အလိပ်၊ ရတနာ၊ ရင်းနီးမြှုပ်နှံမှု အကျိုးပေးနိုင်ပါတယ်။ သူများတွေရဲ့ စာချုပ်စာတမ်းတွေကို အာမခံသဘောမျိုး လက်မှတ်ထိုးပေးတာမျိုး ရှောင်စေချင်ပါတယ်။ လက်မှတ်မထိုးရသေးတဲ့ အပျိုကြီး လူပျိုကြီးတွေ လက်မှတ်ထိုးရမယ့်နှစ်ပါ။ အိမ်ထောင်ရေး အဆင်ပြေမယ့် နှစ်ပါ။

( ၆ ) Virgo (ကန်)ရာသီဖွားများ

ကန်ရာသီဖွားတွေကတော့ သြဂုတ် (၂၂)နဲ့ စက်တင်ဘာ (၂၂)အတွင်း မွေးဖွားသူတွေကို ခေါ်ပါတယ်။ ကန်ရာသီဖွားတွေရဲ့ ထုံးစံအတိုင်း ဘုနဲ့ဘောက် ပြောတတ်တာဟာ အမြဲတမ်း ကောင်းနိုင်တဲ့ လက္ခဏာမဟုတ်ပါဘူး။ ဒီလိုပဲ ဘာလုပ်လုပ် ဘယ်လောက်ပဲ အောင်မြင်အောင်မြင် အလိုမကျတတ်တဲ့ စိတ်ကို ရောင့်ရဲဖို့ ကြိုစားရမှာပါ။

အခြေခံအားဖြင့်တော့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကောင်းသော်လည်း အိမ်ထောင်ရေးမှာတော့ အနည်းငယ် အဖုအပိမ့်တွေ ရှိတတ်ပါတယ်။ အချစ်ရေးမှာလည်း အလားတူပဲ ကိုယ်ချစ်တဲ့သူက ကိုယ့်ကို မချစ်၊ ကိုယ်မချစ်တဲ့သူက ကိုယ့်ကို ချစ်နေတာမျိုး ကျဉ်းထဲကြပ်ထဲ ကြုံရတတ်ပါတယ်။ အမွေ၊ ထီ ကံထူးနိုင်မယ့်နှစ်ပါ။

( ၇ ) Libra (တူ)ရာသီဖွားများ

စက်တင်ဘာ (၂၃)နဲ့ အောက်တိုဘာ (၂၂)အတွင်း မွေးကြသူတွေကို တူရာသီဖွားတွေလို့ ခေါ်ပါတယ်။ ယခုနှစ်မှာတော့ တူရာသီဖွားတွေ အေးဆေး ဒူးပုတ်ပြီး နေရမယ့် နှစ်လို့ ပြောလို့ရပါတယ်။ စီးပွားရေးနဲ့၊ ပညာရေးနယ်ပယ်ပိုင်းမှာ ပြိုင်ဆိုင်မှုများသလောက် ထွန်းပေါက် အကျိုးပေးမယ့် နှစ်ပါ။

ယခုနှစ်မှာ ငွေအစုလိုက်အပြုံလိုက် ဝင်တာမျိုး၊ ကြီးမားတဲ့ ကံစမ်းမဲဆုကြီးတွေ ပေါက်တာမျိုးကို တူရာသီဖွားများအဖို့ မကြာခဏ ကြုံမယ့်နှစ်ပါ။ အိမ်ထောင်ရေး ကောင်းမွန်ပြီး၊ အချစ်ရေးကတော့ အသင့်အတင့်လို့ ပြောရပါမယ်။ နိုင်ငံခြားခရီးစဉ်တွေလည်း သွားရဖို့ရှိပြီး ဗီဇာသာ လုပ်ထားကြပေတော့။

( ၈ ) Scorpius (ဗြိစ္ဆာ)ရာသီဖွားများ

အောက်တိုဘာ (၂၃)နဲ့ နိုဝင်ဘာ (၂၂)အတွင်း မွေးဖွားသူတွေဟာ ဗြိစ္ဆာရာသီဖွားတွေဖြစ်ပါတယ်။ ယမန်နှစ်တုန်းကတော့ အချစ်ရေးအချစ်ရာပိုင်းမှာ စိတ်တိုင်းမကျခဲ့ပေမယ့် ဒီနှစ်တော့ သင့်အလိုကျ ဖြစ်လာပါလိမ့်မယ်။ ဒီနှစ်မှာ ဗြိစ္ဆာတွေဟာ စန်းလာဘ်ပကာ ပွင့်ဖို့ရှိပြီး၊ အချစ်ရေးမှာ ကံထပါလိမ့်မယ်။

ပညာရေးကတော့ နည်းနည်း အညံ့ဘက်ကို ရောက်နေလို့ ကြိုးစားမှုတွေ မလျှော့ကြပါနဲ့။ ထင်ပေါ်ကျော်ကြားနိုင်မယ့် ကာလအပိုင်းအခြားကိုလည်း ဒီနှစ်မှာ ရောက်လာနိုင်ပါတယ်။ အနုပညာအလုပ်တွေ၊ စီပွားရေးမှာတော့ အထည်အလိပ်နဲ့ စားသောက်ကုန်လုပ်ငန်းတွေ အဆင်ပြေမှာပါ။ ငွေတိုးဆို ချေးလည်းမချေး၊ ငှားလည်းမငှားပါနဲ့။ ဒုက္ခရောက်တတ်ပါတယ်။

( ၉ ) Sagittarius (ဓနု)ရာသီဖွားများ

နိုဝင်ဘာ(၂၃) ဒီဇင်ဘာ (၂၀) အတောအတွင်းမှာ မွေးဖွားခဲ့ကြသူများကို ဓနုရာသီဖွားတွေလို့ ခေါ်ပါတယ်။ ယခုနှစ်မှာတော့ ဓနုရာသီဖွားတွေဟာ မရနိုင်ဘူးထင်ထားတဲ့ ငွေရေးကြေးရေး အကြွေးတွေ ပြန်ရတတ်ပြီး၊ ပျောက်ဆုံးနေတဲ့ အဖိုးတန်ပစ္စည်းတွေလည်း ပြန်ရတတ်ပါတယ်။ ဆွေတွေမျိုးတွေရဲ့ အကူအညီတွေကြောင့် ကောင်းစားတက်ပါတယ်။

ဒါပေမယ့် လင်မယားကြား၊ ချစ်သူကြား ဝင်ပါတာမျိုးတွေ ရှောင်ပါ။ အမုန်းပွားတတ်ပါတယ်။ အချစ်ရေးလည်း အသင့်အတင့် ကောင်းမွန်ပြီး၊ ရပ်ဝေးမြေခြားက ငယ်ချစ်ဟောင်းနဲ့တောင် ပြန်ဆုံရနိုင်ချေ ရှိပါတယ်။ အသောက်အစားအပျော်အပါးကို ရှောင်ပါ။ ဆင့်ပွားရောဂါတွေကို သတိထားရပါမယ်။ ငွေဝင်ကြမ်းသလောက် ငွေသုံးဆင်ခြင်ပါ။

( ၁၀ ) Capricorn (မကာရ)ရာသီဖွားများ

ဒီဇင်ဘာ (၂၁)နဲ့ ဇန်နဝါရီလ (၁၉)ရက်အတွင်းမှာ မွေးဖွားသူတွေဟာ မကာရရာသီဖွားတွေဖြစ်ပါတယ်။ ယခုနှစ်မှာတော့  ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်တွေ အမြတ်အစွန်းများများနဲ့ အောင်မြင်မှုရမယ့် နှစ်ပါ။ သားသမီးရတနာလည်း ထွန်းကားတတ်ပြီး၊ အိမ်ထောင်ဘက်နဲ့ သင့်ကြားမှာတော့ မလိုသူတွေ ဝင်ရှုပ်နေလို့ အထင်အမြင် လွဲရတာမျိုးတွေ ရှိတတ်ပါတယ်။

ပြည်ပအလုပ်အကိုင် အခွင့်အလမ်းတွေ ပွင့်လာနိုင်ပြီး၊ ရာထူးတိုး၊ ဝင်ငွေတိုးကိန်းတွေရှိပါတယ်။ အစုအစပ်လုပ်ငန်းတွေလည်း အကျိုးပေးနိုင်ပြီးပါတယ်။ အောင်မြင်သလောက် လူမှုရေးဘက်မှာလည်း မနာလိုသူတွေ အတိုက်အခိုက်တွေ များနိုင်ပါတယ်။ ဖိအားဒဏ်ကို ရင်ဆိုင်နိုင်ပါစေ။

( ၁၁ ) Aquarius (ကုံ)ရာသီဖွားများ

ဇန်နဝါရီ (၂၀)နဲ့ ဖေဖော်ဝါရီ (၁၈)အတွင်းမှာ မွေးဖွားတဲ့သူတွေကို ကုံရာသီဖွားတွေလို့ သတ်မှတ်ပါတယ်။ ယမန်နှစ်က အချစ်ရေး ဇဝေဇဝါဖြစ်ခဲ့တဲ့ ကုံရာသီဖွားတွေအတွက်တော့ ယခုနှစ်က အိမ်ထောင်ဖက်၊ ကြင်ယာဖက် ရဖို့ရှိပါတယ်။ ပြည်ပအလုပ်အကိုင်နဲ့ အကျိုးပေးမယ့်နှစ် ဖြစ်ပြီး၊ ရင်းနီးမြှုပ်နှံမယ်ဆိုရင်တော့ မကျွမ်းကျင်တဲ့လုပ်ငန်းတွေဆို ရှောင်ပါ။

ဆွေမကင်း မျိုးမကင်းသူတွေက ငွေရေးကြေးရေး အကူအညီတောင်းခံလာတာမျိုးဆိုရင် မိမိအသိဉာဏ်နဲ့ ဆင်ခြင်ပြီး ပေးသင့်မပေးသင့်ကို ချင့်ချိန်ပါ။ ရောင်းမှားဝယ်မှား သတိထားရမယ့် နှစ်ဖြစ်ပါတယ်။ ကုန်ရောင်းကုန်ဝယ်လုပ်ငန်းနဲ့ ဆန်စပါးအစရှိတဲ့ လုပ်ငန်းလုပ်ကိုင်သူတွေ အကျိုးပေးမှာပါ။

( ၁၂ ) Pisces (မိန်)ရာသီဖွားများ

ဖေဖော်ဝါရီ (၁၉)နဲ့ မတ်လ (၂၀)အတွင်းမှာ မွေးဖွားကြတဲ့သူတွေကို Pisces (မိန်ရာသီဖွား)တွေလို့ ခေါ်ပါတယ်။ ယခုနှစ်မှာတော့ မိန်ရာသီဖွားတွေအတွက် ပညာရေး၊ အချစ်ရေး အကျိုးပေးမယ့်နှစ်ဖြစ်ပြီး၊ လုပ်ငန်းပိုင်း ပြိုင်ဆိုင်မှုတွေ ပြင်းထန်လွန်းလို့ အကောက်ကြံတာမျိုးတွေ ခံရတတ်ပါတယ်။

စီးပွားရေးမှာ ပြိုင်ဘက်တွေများပေမယ့် လုပ်သလောက်၊ အကျိုးဖြစ်ထွန်း လက်မထောင်နိုင်မယ့် နှစ်ဖြစ်ပါတယ်။ အချစ်ရေးမှာတော့ ပြောတိုင်းယုံ၊ လျှောက်တိုင်းပေါက် ဖြစ်နေပြီး၊ ချစ်သူအိမ်ထောင်ဘက် မရှိသေးသူများ၊ လိုက်ဖက်မယ့် ချစ်သူတစ်ယောက် ရရှိမှာပါ။ အိမ်ထောင်ရှင်တွေအနေနဲ့လည်း အချစ်ရေး၊ စီးပွားရေး ပြေလည်မယ့်နှစ်ပါ။

Shwe Burma