ဧရာမ တွင်းနက်ကြီးမှ ထုတ်လွှတ်သော အပူကွက်များ

ကျနော်တို့ ကမ္ဘာ လှည့်ပတ်နေသော နေ အမည်ရှိ အဝါရောင်ကြယ်တစ်လုံးဟာ နဂါးငွေ့တန်း ဂလက်ဆီ၏ အလယ်ဗဟိုရှိ ဧရာမတွင်းနက်ကြီး (Supermassive blackhole) ကို ဗဟိုပြုပြီး လှည့်ပတ်နေပါတယ်။ သိပ္ပံပညာရှင်များ ရှာတွေ့ထားသမျှ မူမှန် (ပုံသဏ္ဍာန်မှန်) တဲ့ ဂလက်ဆီတိုင်းရဲ့ ဗဟိုချက်မှာ ဒီလို ဧရာမ တွင်းနက်ကြီးတွေ ရှိကြမယ်လို့ သိပ္ပံပညာရှင်များ ယူဆထားကြတယ်။ ကျနော်တို့ ကမ႓ာမှ လှမ်းမြင်တွေ့ရတဲ့ ဒီဗဟိုချက် နေရာကိုတော့ Sagittarius A (ဓနု A) လို့ အမည်ပေးထားပါတယ်။ (ပုံ)

ဒီနေရာမှာ တွင်းနက် (Black hole) လို့ခေါ်ပြီး ဘာဖြစ်လို့ လင်းလက်နေသလဲ လို့မေးလျှင် တွင်းနက်အနီးကို ရောက်ရှိစုဝေးနေတဲ့ ဘီလီယံ ရာချီသော ကြယ်များ၊ ဓါတ်ငွေ့များ၊ ဖုန်မှုန့်တန်းများကြောင့်လို့ ဖြေဆိုရမှာပါ။ တွင်းနက်ကြီးဟာ ကျနော်တို့နေထက် အဆပေါင်း ဘီလီယံ ၅၀ လောက် ဒြပ်ထုကြီးမားပြီး ဂလက်ဆီကြီးတခုလုံးကို ထိန်းချုပ်လည်ပတ်လျက်ရှိပါတယ်။

ကနေဒါနိုင်ငံ အော်ရန်တိုမြို့က ဝါးတားလူး တက္ကသိုလ်မှ အာကာသ သိပ္ပံပညာရှင် Avery Broderick ကတော့ ၁၃ နှစ်ကြာ ဒီနေရာကို လေ့လာခဲ့ပြီး ဧရာမတွင်းနက်ကြီးဆီကနေ သိသာထင်ရှားတဲ့ နေမီးတောက် (အပူကွက်) များ ထုတ်လွှတ်တာကို (၃) ကြိမ်တိုင်တိုင် တွေ့ရှိခဲ့ပါတယ်။ ဒါဟာ သိပ်ကိုထူးခြားတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။

ဒီလို ထူးခြား ကြီးမားတဲ့ နေမီးတောက်များဟာ ဂလက်ဆီ ဗဟိုချက်ရဲ့ အနီးဆုံးနေရာမှာ လှည့်ပတ်နေတဲ့ တောက်ပပြီး သိပ်သည်းဆနည်းတဲ့ ကြယ်စုများ (Nuclear Star cluster) များက လာတာလည်း ဖြစ်နိုင်ပါတယ်။ တွင်းနက်တစ်ခုကနေ အခုလို ထင်ရှာတဲ့ နေမီးတောက်တွေ ထုတ်လွှတ်ဖို့ဆိုတာ သီအိုရီအရတော့ ခက်ခဲနေပါသေးတယ်။ ဒီနေရာမှာ မေးစရာရှိလာတာကတော့.. “တွင်းနက်ကြီးရော တကယ်ရှိရဲ့လား” ဆိုတဲ့ မေးခွန်းပါပဲ..။

မည်သို့ပင်ဆိုစေ.. နေအပါအဝင် ကြယ်ပေါင်းများစွာ စုဝေးလှည့်ပတ်နေတဲ့ နဂါးငွေ့တန်း ဂလက်ဆီကြီးဟာကျယ်ပြောလှတဲ့ စကြဝဠာကြီးအတွင်းမှာ လှည့်ပတ်သွားလာလျက် ရှိနေပါတော့တယ်..။

source:သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

admin