ရန်ကုန်ကို စိမ်းလန်းပြီး နေချင့်စဖွယ်မြို့တော်ကြီးဖြစ်အောင်လုပ်နေဟု ဦးဖြိုးမင်းသိန်းပြော

ရန်ကုန်မြို့ကြီးကို စိမ်းလန်းပြီးနေချင်စဖွယ်စီးပွားရေးမြို့တော်ကြီးဖြစ်အောင် ရည်မှန်းချက်ချပြီးကြိုးပမ်းဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် “စက်မှုဇုန် တွေကို နိုင်ငံတကာ စက်မှုဇုန် တွေဖြစ်အောင် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဘာကြောင့်လဲဆို စက်မှုဇုန် တွေက ကျွန်တော်တို့ တိုင်းအတွက်စီးပွားရှာပေးနေတဲ့နေရာတွေဖြစ်ပါတယ်။ ဒီနေရာတွေရဲ့လုံခြုံစိတ်ချရမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ဒီနေရာတွေ အားလုံးဟာမြို့တော်ကြီးရဲ့ ဂုဏ်အင်္ဂါတွေနဲ့ညီညွတ်အောင် ကျွန်တော်တို့ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။” လို့ ဒီဇင်ဘာလ ၂၀ ရက်နေ့က Novotel ဟိုတယ်မှာပြုလုပ်တဲ့ မြန်မာနိုင်ငံစက်မှုကုန်ထုတ်အသင်း၂၅ နှစ်ပြည့်အခမ်းအနားမှာ ပြောဆိုလိုက်တာပါ။

ဒါ့အပြင် အထူးစီးပွားရေးဇုန် ၃ ခုရှိတဲ့ အနက် သီလဝါအထူးစီးပွားရေးဇုန်ဟာ အအောင်မြင်ဆုံးဖြစ်တဲ့ အတွက် ရန်ကုန်မြို့ဖွံ့ဖြိုးရေးအတွက် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးက အရေးကြီးတယ်လို့လည်းသူကပြောပါတယ်။နိုင်ငံတကာ အလယ်မှာ မြန်မာနိုင်ငံကို ပစ်တင်ရှုံချမှုတွေကြုံတွေ့နေရတာကြောင့် ဒီအခြေအနေတွေကို ကျော်လွှားနိုင်ဖို့လည်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ရုန်းကန်ရမယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ စက်မှုဇုန် ၂၉ ခုမှာ ၂၀၀၈ အခြေ ခံဥပဒေ အရဆိုရင် ရန်ကုန်မြို့မှာရှိတဲ့စက်မှုဇုန်တွေအားလုံးကိုတိုင်းဒေသကြီး အစိုးရကနေ စီမံခန့်ခွဲရမှာဖြစ်ပေမယ့် မူလက စတင်ထူထောင်သူဟာ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ဖြစ်တာကြောင့်တိုင်းအစိုးရအနေနဲ့ စက်မှုလက်မှုပိုမို အဆင့်မြှင့်တင်ဖိုပဲ ကြိုးစားပေးသွားမယ်လို့ ပြောပါတယ်။

Shwe Burma