အမျိုးသားမော်ဒယ်တွေကို ဆေးခပ်ပြီး မုဒိမ်းကျင့်ခဲ့တဲ့ ဓာတ်ပုံဆရာ

အပျော်တမ်းဓာတ်ပုံဆရာတစ်ဦးဟာ ၎င်းရဲ့အိမ်မှာ အမျိုးသားမော်ဒယ်တွေကို ဆေးခပ်ပြီး မုဒိမ်းကျင့်ခဲ့တဲ့အတွက် ထောင်ဒဏ်ကျခံခဲ့ရပြီး နောက်ထပ် မုဒိမ်းကျင့်ခံရတဲ့ အမျိုးသားတွေ ထပ်မံပေါ်ပေါက်လာတာကြောင့် ထပ်ဆောင်းထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

နီဂယ်ဝီလ်ကင်ဆန်လို့ အမည်ရတဲ့ အသက် ၄၅ နှစ်အရွယ်အမျိုးသားဟာ ၎င်းရဲ့ ယောကျ်ားပီသတဲ့ ခန္ဓာကိုယ်နဲ့ ယောကျ်ားစစ်စစ်တွေကို အယုံသွင်းခဲ့တာဖြစ်ပါတယ်။

နီဂယ်ဝီလ်ကင်ဆန်က ၎င်းဟာ အမျိုးသားကာယကြံ့ခိုင်မှုကို ရိုက်ကူးတဲ့ဓာတ်ပုံဆရာလို့ မိတ်ဆက်ခဲ့ပြီး အမျိုးသားတွေကို သူ့ရဲ့စတူဒီယိုကို လာရောက်ဓာတ်ပုံရိုက်ကူးဖို့ ဝက်ဘ်ဆိုက်ထောင်ပြီး ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။

နီဂယ်ဝီလ်ကင်ဆန်ဟာ မုဒိမ်းမှု ၂ မှု ကျူးလွန်းခဲ့ကြောင်း ဝန်ခံခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်မှာ ထောင်ဒဏ် ၁၁ နှစ်ခွဲ ချမှတ်ခံခဲ့ရပါတယ်။ ဒါပေမယ့် နောက်ထပ်အမျိုးသားတွေက ၎င်းတို့ကိုလည်း နီဂယ်ဝီလ်ကင်ဆန်က တိုက်ခိုက်ခဲ့တယ်လို့ လာရောက်ထွက်ဆိုခဲ့တာဖြစ်ပါတယ်။

ဝီလ်ကင်ဆန်ဟာ ပြီးခဲ့တဲ့လက ဘရစ်စတိုလ်ခရောင်းတရားရုံးမှာ စွဲချက်တင်ခံခဲ့ရပြီး ကြားနာစစ်ဆေးခံခဲ့ရပါတယ်။

တရားရုံးမှာ ကြားနာစစ်ဆေးချက်အရ ဝီလ်ကင်ဆန်ဟာ ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်တို့မှာ ကြော်ငြာအတွက် ဓာတ်ပုံရိုက်ကူးပေးမယ်ဆိုပြီး ဘရစ်စတိုလ်မြို့ ဆင်ခြေဖုံးရပ်ကွက်တော့တာဒေါင်း တောင်ကုန်းရိပ်သာမှာရှိတဲ့ ၎င်းရဲ့အိမ်ကို အမျိုးသားတွေလာရောက်ဖို့ ဆွဲဆောင်ခဲ့တာဖြစ်ပါတယ်။

အစိုးရရှေ့နေ ဆာရာရီဂင်က ဂျူရီလူကြီးတွေကို “နီဂယ်ဝီလ်ကင်ဆန်ဟာ ဂေးလ်တစ်ယောက်ဖြစ်ပေမယ့်လည်း ယောကျ်ားစစ်စစ်တွေနဲ့သာ လိင်ဆက်ဆံရတာ ပိုမိုသဘောကျတဲ့သူဖြစ်ပါတယ်။ သူဟာ အမျိုးသားတွေ လုံးဝသတိမထားမိဘဲ လိင်ဆက်ဆံရတာကို နှစ်သက်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

နီဂယ်ဝီလ်ကင်ဆန်ဟာ အမျိုးသား ၆ ဦးကို ၉ ကြိမ်(မုဒိမ်းမှု ၁ ကြိမ်၊ မုဒိမ်းကျင့်လိုတဲ့ဆန္ဒနဲ့ အရာဝတ္ထုတွေ ကြိုတင်စီမံခန့်ခွဲမှု ၅ ကြိမ်နဲ့ ဆေးခပ်ခံရပြီး သတိလက်လွတ်ဖြစ်နေချိန်မှာ ဗီဒီယိုခိုးရိုက်မှု ၃ ကြိမ်)ပြစ်မှုကျူးလွန်ခဲ့ကြောင်း ပြစ်မှုထင်ရှားခဲ့ပြီး ပြစ်ဒဏ်ချမှတ်တာကို ကြားနာဖို့အတွက် ရုံးချိန်းတက်ရောက်ဖို့အတွက် ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

Shwe Burma