ဒေါ်လာ ၄၇ ဘီလျံရှိသည့် စံချိန်တင်ကာကွယ်ရေးအသုံးစရိတ်ကို ဂျပန်အတည်ပြု

တရုတ်ကိုတန်ပြန်ရန်အတွက် ဂျပန်က ၎င်း၏ ဒုံးကျည်ကာကွယ်ရေးစနစ်ကို တွန်းအားပေးလုပ်ဆောင်နေပြီး ရေဒါရှောင်တိုက် လေယာဉ်များ ဖြန့်ကြက်ခြင်းတို့လုပ်ဆောင် နေစဉ်လာမည့် ဘဏ္ဍာရေးနှစ်တွင် ကာကွယ်ရေးအသုံးစရိတ်ကို ဒေါ်လာ ၄၇ ဘီလျံထိ စံချိန်တင်တိုးမြှင့်သွားမည်ဖြစ်ကြောင်း ဂျပန်အစိုးရက ဒီဇင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်ဧပြီတွင် စတင်သော ဘဏ္ဍာ ရေးနှစ်အတွက် အသုံးပြုမည့် နိုင်ငံတော်ဘတ်ဂျက် ဒေါ်လာ ၉၁၂ ဘီလျံထဲတွင် ကာကွယ်ရေးအသုံးစရိတ်သည်လည်း တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ကြောင်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအစိုးရအဖွဲ့က အတည်ပြုခဲ့သည်။ ကာကွယ်ရေးအသုံးစရိတ်အတွက် ယန်း ၅.၂၆ ထရီလျံ (ဒေါ်လာ ၄၇ ဘီလျံ) သတ်မှတ်မှုသည် ငါးနှစ်ဆက်တိုက် စံချိန်တင်မြင့်တက်မှုဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါကာကွယ်ရေးအသုံးစရိတ်တွင် အမေရိကန်၏ မြေပြင်အခြေစိုက် Aegis Ashore ဒုံးခွင်းစနစ်ကို ဂျပန်တွင် စတင်အသုံးပြုရာတွင် ကုန်ကျမည့်စရိတ်ပါဝင်သည်။ ထို့ပြင် F -35 A ရေဒါရှောင်တိုက်လေယာဉ် ခြောက်စီးဝယ်ယူမည့်စရိတ်နှင့် ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း ဂျပန်၏ ပထမဆုံးလေယာဉ်တင် သင်္ဘောရရှိရန် လုပ်ဆောင်မှုအတွက် အသုံးစရိတ်တစ်စိတ်တစ်ပိုင်းလည်း ပါဝင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။

၂၀၁၉ ခုနှစ် ဘတ်ဂျက်သည် ဒီဇင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် ဂျပန်၏ငါးနှစ် ကာကွယ်ရေးအစီအစဉ်သစ်၏ ကနဦးဘဏ္ဍာ ရေးခွဲတမ်းချမှုဖြစ်သည်။ ၂၀၂၄ ခုနှစ် မတ်လအထိရေးဆွဲထားသည့် အဆိုပါငါးနှစ် ကာကွယ်ရေးအစီအစဉ်အရ ဂျပန်သည်ရှိပြီးသား ရဟတ်ယာဉ်တင် သင်္ဘောနှစ်စင်းအား တိုက်လေယာဉ်တင် သင်္ဘောအဖြစ် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်၏ ကာကွယ်ရေးအသုံးစရိတ် မြင့်တက်လာခြင်းသည် တရုတ်၏ စစ်ရေးခြိမ်းခြောက်မှုကို တန်ပြန်ရန် ရည်ရွယ်ကြောင်း၊ ရရှိလာသောကာကွယ်ရေးဘတ်ဂျက်ကို အမေရိကန်၏ စစ်လက်နက်ပစ္စည်းများဝယ်ယူရန် သုံးစွဲသွားမည်ဖြစ်ပြီး ၀ါရှင်တန်နှင့် ကုန်သွယ်ရေးစစ်ပွဲကို ရှောင်တိမ်းနိုင်မည်ဖြစ်ကြောင်း တိုကျို၏ J.F.Oberlin တက္ကသိုလ်မှ အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးနှင့် ဒေသတွင်း လုံခြုံရေးဆိုင်ရာ ပါမောက္ခ အာကီရာကာတိုက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံနှင့် တင်းမာမှုများ ဖြစ်ပွားနေခြင်းအပါအဝင် တရုတ်နိုင်ငံ၏ စစ်အင်အားကြီးထွားလာမှုအပေါ် စိုးရိမ်နေခြင်းတို့ကြောင့် ဂျပန်၏စစ်ရေးအဆင့်မြှင့်တင်မှုအား ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်နေကြောင်း အာဘေးအစိုးရအဖွဲ့က ထောက်ခံပြောကြားခဲ့သည်။

ဂျပန်၏ ငါးနှစ်ကာကွယ်ရေးအစီအစဉ်ကို ကျေနပ်မှုမရှိကြောင်းနှင့် အပြင်းအထန်ဆန့်ကျင်ကြောင်းကို ပေကျင်းက ဒီဇင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ကာကွယ်ရေး သက်သက်မူဝါဒအတိုင်း လိုက်နာကျင့်သုံးရန်လည်း ဂျပန်အားတိုက်တွန်းခဲ့ကြောင်း သိရသည်။

source:eleven

Shwe Burma