ဆေးကုတာကို ဘန်းပြပြီး အမျိုးသမီးပေါင်းရာနဲ့ချီကာ မတရားပြုကျင့်ခဲ့တဲ့ ဆေးဆရာ

ဘရာဇီးနိုင်ငံမှာ ထင်ရှားတဲ့ နာမည်ကျော်ဆေးကုဆရာကြီးတစ်ဦးကို အမျိုးသမီးပေါင်း အယောက်(၃၀၀) ကျော်အား လိင်ပိုင်းဆိုင်ရာကျူးလွန်နှောင့်ယှက်မှုနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖမ်းဆီးခဲ့ပါတယ်။ ၎င်းဆေးဆရာကို Joao Teixeira de Faria တစ်ဖြစ်လဲ Joao de Deus လို့ သိကြပါတယ်။ သူဟာ ဆေးခန်းဖွင့်ထားတဲ့ သာသာရေးဆေးကုဆရာတစ်ဦးဖြစ်ပြီး အမျိုးသမီး(၁၀) ဦးက ဆေးခန်းမှာ မတော်မတရားလုပ်ခံရပါတယ်လို့ တိုင်တာကြောင့် de Faria ရဲ့ ဖြစ်ရပ်မှန်ဟာ ပေါ်ပေါက်လာခဲ့တာပါ။

ထို့နောက်မှာတော့ de Faria ရဲ့ အရွယ်ရောက်နေတဲ့ သမီးအပါအဝင် အမျိုးသမီးပေါင်း (၃၀၀) ကျော်ကပါ အုံကြွလာပြီး de Faria ကို တိုင်တန်းခဲ့ကြတာ ဖြစ်ပါတယ်။ de Faria ဟာ အသက်(၇၆) အရွယ် အဖိုးကြီးတစ်ဦးဖြစ်ပြီး ကမ္ဘာကျော်ပုဂ္ဂိုလ်တွေဖြစ်တဲ့ အော်ပရာဝင်းဖရေး၊ ဘီလ်ကလင်တန်တို့နဲ့လည်း တွေ့ဆုံဖူးသူပါ။ အဖမ်းဆီးခံရတဲ့အချိန်မှာတော့ အဖိုးကြီးက ကမ္ဘာမြေရဲ့ တရားမျှတမှုအတွက် သူအရှုံးပေးပါတယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။

၎င်းရဲ့ သမီးဖြစ်သူ အသက်(၄၉) နှစ်အရွယ် Teixeira ကတော့ သူမရဲ့ ဖခင်ဟာ သူမအသက်(၁၀) နှစ်နဲ့ (၁၄) ကြားမှာ ထူးဆန်းတဲ့ ဆေးကုသမှုအတွင်း မတော်မတရားပြုကျင့်ခဲ့ကြောင်းဆိုပါတယ်။ သူမဟာ ဖခင်ရဲ့ အလုပ်သမားတစ်ဦးနဲ့ ကိုယ်ဝန်ရပြီးနောက်မှာ ဖခင်ရဲ့ ရက်ရက်စက်စက်အရိုက်ခံရတာကြောင့် သားပျက်ခဲ့ရကြောင်းလည်း ပြောပြပါတယ်။

De Faria ကို ဘာသာရေးဆေးကုသဆရာအဖြစ် ဘရာဇီးနိုင်ငံအလယ်ပိုင်းက မြို့လေးတစ်မြို့မှာ ဆယ်စုနှစ်(၄)ခုကြာအောင် လက်ခံထားခဲ့တာပါ။ ကင်ဆာအပါအဝင် ရောဂါအမျိုးမျိုးကို ကုသနိုင်တယ်လို့ ဆိုတာကြောင့် တဖြည်းဖြည်းနဲ့ နာမည်ကျော်ကြားလာသူပါ။ သူဟာ တစ်ကမ္ဘာလုံးက ဝိညာဏ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ချို့ယွင်းချက်ရှိနေသူတွေကို ဖိတ်ခေါ်ပြီး သူပျောက်ကင်းအောင် ကုသပေးမယ်လို့ဆိုကာ နောက်လိုက်နောက်ပါအများအပြားကို ဆွဲဆောင်ခဲ့သူ ဖြစ်ပါတယ်။

(၂၀၁၂) ခုနှစ်မှာတော့ De Faria ကို တစ်ကမ္ဘာလုံးက သိလာကြပြီး အော်ပရာဝင်းဖရေးပါ လာရောက်ကာ သူနဲ့ အင်တာဗျူးခဲ့ပါတယ်။ အော်ပရာရဲ့ ဖျက်ထားပြီဖြစ်တဲ့ ဝက်ဆိုက်ဒ်သတင်းထဲမှာတော့ De Faria ဟာ အမျိုးသမီးတစ်ဦးရဲ့ ရင်သားကို မေ့ဆေးမသုံးပဲ ဒီတိုင်းလှီးဖြတ်ခဲ့ပေမယ့် ၎င်းအမျိုးသမီးဟာ နာကျင်တာကို ခံစားရပုံမပေါ်ကြောင်း ဖော်ပြထားပါတယ်။။ De Faria ရဲ့ အမှုမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်နှိပ်စက်ခံရသူ အမျိုးသမီးတွေဟာ အသီးသီး ဖြောင့်ချက်ပေးခဲ့ကြပြီး သူတို့အပေါ် De Faria က ဘယ်လို ကျူးလွန်ခဲ့တယ်ဆိုတာကို ဖွင့်ဟခဲ့ကြပါတယ်။ ကျူးလွန်အပြီးမှာတော့ De Faria က သူတို့ကို အဖိုးတန်ကျောက်မျက်တစ်လုံးကို ပြန်ပေးခဲ့သေးတယ်လို့လည်း ပြောပြကြပါတယ်။

Shwe Burma