မော်ရင်ဟို ထုတ်ပယ်ခံရပြီးနောက် အပူတပြင်း ဖြေရှင်းနေရတဲ့ ဆန်းချက်ဇ်

မော်ရင်ဟို အသင်းက ထုတ်ပယ်ခံရမယ်လို့ လောင်းကြေးထပ်ခဲ့ပြီး မားကို့စ်ရိုဟိုဆီက ပေါင် (၂)သောင်း အနိုင်ရရှိခဲ့တယ်ဆိုတဲ့ သတင်းတွေကို အလက်ဆစ်ဆန်းချက်ဇ်က ငြင်းဆိုသွားခဲ့ပါတယ်။ အင်္ဂါနေ့မှာ မော်ရင်ဟိုက ယူနိုက်တက်နည်းပြရာထူးကနေ ဖယ်ရှားခံခဲ့ရပြီးနောက် ဆိုးလ်ရှားကို ယာယီနည်းပြအဖြစ် အိုးထရက်ဖို့ဒ်ကလပ်က ခန့်အပ်ခဲ့ပါတယ်။


မော်ရင်ဟို ထုတ်ပယ်ခံရအပြီးမှာ အလက်ဆစ်ဆန်းချက်ဇ်ဟာ မော်ရင်ဟို အသင်းကနေ ထုတ်ပယ်ခံရမယ်လို့ ရိုဟိုနဲ့ လောင်းကြေးစားကြေး ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းကို The Sun က ဖော်ပြသွားခဲ့ပါတယ်။ ဒီသတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့အပြီးမှာတော့ ဆန်းချက်ဇ်က သူ့ရဲ့ တွစ်တာအကောင့်ကနေ တရားဝင်ငြင်းဆိုသွားခဲ့တာ ဖြစ်ပါတယ်။


“ဒါတွေက သတင်းအမှားတွေပါ၊ မော်ရင်ဟိုက ကျွန်တော့်ကို ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းမှာ ကစားခွင့်ရဖို့ အခွင့်အရေးပေးခဲ့ပါတယ်၊ ဒီအတွက် သူ့ကို ကျွန်တော် ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့က မန်ချက်စတာယူနိုက်တက်ပါ၊ အသင်းကို ကူညီပေးဖို့အတွက် ကျွန်တော် မစောင့်နိုင်တော့ပါဘူး၊ မနက်ဖြန်မှာ ကျွန်တေ်ာတို့အသင်း ကံကောင်းပါစေ” လို့ ဆန်းချက်ဇ်က သူ့ရဲ့ တွစ်တာအကောင့်မှာ ရေးသားထားခဲ့ပါတယ်။


ဆန်းချက်ဇ်ကတော့ လက်ရှိမှာ ဒဏ်ရာကြောင့်အနားယူနေရတာဖြစ်ပြီး ဒီနေ့မှာ ကစားရမယ့် ကာဒစ်နဲ့ပွဲကို ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။ အာဆင်နယ်အသင်းကနေ ဆန်းချက်ဇ်ကို မော်ရင်ဟိုက ခေါ်ယူခဲ့တာဖြစ်ပြီး အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အားကိုးအားထားပြုဖို့ မျှော်လင့်ခဲ့ပေမယ့် ဆန်းချက်ဇ်ကတော့ ထင်သလောက်ခြေစွမ်းမပြသနိုင်ခဲ့ပဲ အိုးထရက်ဖို့ဒ်မှာ ရုန်းကန်ခဲ့ရပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းကတော့ လက်ရှိမှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးလ်နဲ့ (၁၉)မှတ်အထိ ကွာဟနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာနဲ့လည်း (၈)မှတ်အထိ ကွာဟနေဆဲ ဖြစ်ပါတယ်။ ဆိုးလ်ရှားအနေနဲ့ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် ကူညီပေးရမှာဖြစ်ပြီး လာမယ့်ရာသီသစ်မှာမှ နည်းပြသစ်ကို ခန့်အပ်သွားဖို့လည်း ရှိနေပါတယ်။

Shwe Burma