စီးပွားရေး သူလျှိုလုပ်သည်ဟူသော စွပ်စွဲမှုများကို တရုတ်ငြင်းဆို

ပေကျင်း ဒီဇင်ဘာ ၂၁

တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးသူလျှိုလုပ်သည်ဟူသော အမေရိကန်နှင့် အခြားမဟာမိတ် နိုင်ငံများ၏ စွပ်စွဲချက်များကို အခိုင်အမာငြင်းဆိုကြောင်းနှင့် အမေရိကန်အနေဖြင့်လည်း ယင်း စွပ်စွဲချက်များကိုရုပ်သိမ်းသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၁ ရက် တွင်တိုက်တွန်းသည်။

အမေရိကန်အနေဖြင့် တရုတ်နိုင်ငံသား နှစ်ဦးအပေါ် စွပ်စွဲချက်များကိုလည်း ရုပ်သိမ်းသင့်ပြီး တရုတ်နိုင်ငံအနေဖြင့် ကုန်သွယ်ရေး လျှို့ဝှက်ချက်များခိုးယူမှုတွင် ပါဝင်ခြင်းမရှိကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

ထို့ပြင် အမေရိကန်သည် အဆိုပါမှားယွင်းသော လုပ်ရပ်များကို ချက်ချင်း အမှန်ပြင်သင့်ပြီး အင်တာနက်လုံခြုံရေးဆိုင်ရာ အသရေပျက်စေသည့် စွပ်စွဲချက်များကိုလည်း ရပ်တန့်သင့် ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့၏ ဆိုက် ဘာ လုံခြုံရေးနှင့် အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရန် လိုအပ်သော ဆောင်ရွက်ချက်များကို လုပ်ဆောင်မည် ဖြစ်ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်နိုင်ငံသားနှစ်ဦးသည် အမေရိကန် အစိုးရ အေဂျင်စီများနှင့် ကမ္ဘာတစ်ဝန်းရှိ စီးပွား ရေးလုပ်ငန်းများမှ အတွင်းရေး အချက်အလက်များ ခိုးယူနေသည်ဟုစွပ်စွဲခံရသော လျှို့ဝှက် အေဂျင်စီတစ်ခုနှင့်ဆက်စပ်နေကြောင်း အမေရိ ကန်ရှေ့နေများက ဒီဇင်ဘာ ၂ဝ ရက်တွင်ပြော သည်။

ကျူဟွာနှင့် ကျန်ကျင်းအမည်ရှိ ယင်းအမျိုးသားနှစ်ဦးကို အမေရိကန်ရေတပ်၊ အမေရိကန် အာကာသအေဂျင်စီ၊ စွမ်းအင်ဌာနနှင့် ကုမ္ပဏီများစွာတို့ကို ဟက်ကာ တိုက်ခိုက်မှုဖြင့် ရှေ့နေများက စွဲချက်တင်ခဲ့ကြောင်း သိရသည်။ ယင်း တိုက်ခိုက်မှုသည် မူပိုင်ခွင့်နှင့် ကော်ပိုရေး ရှင်းဆိုင်ရာ လျှို့ဝှက်ချက်များကို တရုတ်ကုမ္ပဏီများအားပေးရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးသည် APT 10 ကဲ့သို့ ဆိုက်ဘာလုံခြုံရေး အဖွဲ့အစည်းအတွင်းရှိ ဟက်ကာအဖွဲ့ တစ်ဖွဲ့မှအဖွဲ့ဝင်များဖြစ်ပြီး ဟွာယင်းဟိုင်တေသိပ္ပံနှင့် နည်းပညာတိုးတက်ရေး ကုမ္ပဏီတွင် လည်းအလုပ်လုပ်ခဲ့ကြောင်း ရှေ့နေများ ကပြောသည်။ အမေရိကန်နှင့်အတူ ဗြိတိန်၊ သြစတြေး လျနှင့် နယူးဇီလန်နိုင်ငံတို့ကလည်း အဆိုပါကိစ္စနှင့် ပတ်သက်၍ တရုတ်ကိုအပြစ်တင် ဝေဖန်ထားကြောင်း သိရသည်။

Shwe Burma