ကမ္ဘာဂြိုဟ်နည်းတူ အင်္ဂါဂြိုဟ် မြောက်ဝင်ရိုးစွန်းက တွင်းချိုင့်ကြီးမှာ ရေခဲပြင်ကြီးကို တွေ့ရှိ

ကမ္ဘာရဲ့ မြောက်ဝင်ရိုးစွန်းဟာ ဆောင်းရာသီ ဆီးနှင်းတွေကြောင့် နာမည်ကြီးပါတယ်။ ခရစ္စမတ်ရာသီဆို ဆန်တာကလော့ရဲ့ နေထိုင်ရာ အိမ်ရာအဖြစ် စိတ်ကူးယဉ်ရှိနေပါတယ်။ ဒါပေမယ့် ခုထုတ်ပြန်လိုက်တဲ့ ဓာတ်ပုံတွေအရတော့ ဆီးနှင်းဝေကျတာဟာ ကမ္ဘာဂြိုဟ်တစ်ခုတည်းမှာပဲ ရှိတာမဟုတ်ကြောင်းကို ခရစ္စမတ် ဆောင်းရာသီမှာ သက်သေအဖြစ် ထွက်ပေါ်လာပါတယ်။


ဒါကတော့ အင်္ဂါဂြိုဟ်က Korolev တွင်းချိုင့်ကြီးပါ။ မားစ် ခေါ် အင်္ဂါဂြိုဟ်ရဲ့ မြောက်ဝင်ရိုးစွန်းနားမှာ ရှိနေတဲ့ ဒီတွင်းချိုင့်ကြီးကို ဥရောပအာကာသအေဂျင်စီ ESA ရဲ့ မားစ်အိတ်ပရက်စ် မစ်ရှင်မှာ ဓာတ်ပုံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။


ဒီတွင်းချိုင့်ကြီးဟာ မိုင် ၅၀ ပတ်လည်ရှိပါတယ်။ ၁ ဒဿမ ၈ ကီလိုမီတာ အထူရှိတဲ့ ရေခဲပြင်ချပ်ကြီး တွင်းဝမှာ ရှိနေပါတယ်။ ဒီတွင်းချိုင့်ကြီးကို ဆိုဗီယက်ပြည်ထောင်စုရဲ့ အာကာသပရိုဂရမ် ဗိသုကာဖြစ်သူ ဒုံးကျည်အင်ဂျင်နီယာနဲ့ အာကာသယာဉ်ဒီဇိုင်းဆွဲသူ Sergei Korolev ရဲ့ အမည်ကို မှည့်ခေါ်ပေးထားတာ ဖြစ်ပါတယ်။


Korolev ဟာ လကမ္ဘာ၊ အင်္ဂါဂြိုလ်နဲ့ ဗီးနပ်စ်ဂြိုဟ်တွေကို ကူးသန်းသွားလာခြင်း မစ်ရှင်ကို လုပ်ကိုင်ဆောင်ရွက်ခဲ့သူပါ။ ဒါအပြင် ကမ္ဘာ့ ပထမဆုံး လူလုပ်ဂြိုဟ်တု လွှတ်တင်တဲ့ Sputnik ပရိုဂရမ်ကိုလည်း လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။


Mars Express High Resolution Stereo Camera ကင်မရာနဲ့ ယခုတွင်းချိုင့်ကြီးရဲ့ ပုံတွေကို ရိုက်ယူခဲ့တာပဲ ဖြစ်ပါတယ်။ ESA ရဲ့ ပထမဆုံး အခြားဂြိုဟ်တစ်ခုဆီ သွားရောက်တဲ့ Mars Express မစ်ရှင်ကို ၂၀၀၃ ခုနှစ် ဇွန် ၂ ရက်မှာ လွှတ်တင်ခဲ့တာ ဖြစ်ပြီး ခုနှစ် ခရစ္စမတ်ရာသီမှာ အင်္ဂါဂြိုဟ်ရဲ့ ဂြိုဟ်ပတ်လမ်းထဲ ဝင်ရောက်ရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။

Shwe Burma