တရုတ်တွင် ကျောင်းပြေးခြင်း ပပျောက်စေရန် စမတ်ကျောင်းဝတ်စုံများကို အသုံးပြု

တရုတ်နိုင်ငံ တောင်ပိုင်းရှိ စာသင် ကျောင်းများတွင် ကျောင်းပြေးမှုများကို တိုက်ဖျက်ပြီး ကျောင်းတက်နှုန်းမြင့်တက်လာစေရန် ချစ်ပ်ပြား (Chip) ထည့်သွင်းထားသော ကျောင်းဝတ်စုံများကို အသုံးပြုနေကြသည်ဟု အစိုးရမီဒီယာတွင် ဖော်ပြခဲ့သည်။

ကျောင်းသားများ တည်ရှိနေသောနေရာကို စောင့်ကြည့်နိုင်ပြီး ကျောင်းထဲသို့ အဝင်အထွက် လုပ်ဆောင်ခြင်းအား မှတ်တမ်းတင်နိုင်သော ချစ်ပ်ပြားများကို ကျောင်းဝတ်စုံများတွင် ထည့်သွင်းအသုံးပြုထားခြင်းဖြစ်သည်ဟု အဆိုပါခြေရာခံကိရိယာများ၏ နောက်ကွယ်မှ နည်းပညာကုမ္ပဏီက ပြောကြားခဲ့သည်။

“ကျောင်းသားတွေ ကျောင်းထဲဝင်လာရင် စမတ်ယူနီဖောင်းက သူတို့ကို ဗီဒီယို ဒါမှမဟုတ် ဓာတ်ပုံနဲ့ မှတ်တမ်းယူတာတွေကို ကူညီလုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်” ဟု ကျောင်းအုပ်ရန်ရုရှန်က ပြောကြားခဲ့သည်။ ကွေကျိုးပြည်နယ်တွင် တည်ရှိသော ရန်ရုရှန်၏ မူလတန်းကျောင်း၌ ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက စမတ်ကျောင်းဝတ်စုံများကို စတင်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူ ၁၄၀၀ အနက် ထက်ဝက်ကျော်သည် စမတ်ကျောင်းဝတ်စုံကို ဝတ်ဆင်နေကြပြီဟုလည်း ကျောင်းအုပ် ရန်က အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။ ကွေကျိုးနှင့် ကပ်ရပ်တွင် ရှိသော ကွမ်ရှီး ပြည်နယ်ထဲရှိ စာသင်ကျောင်း ၁၀ ကျောင်းထက်မနည်းတွင် ထိုနည်းပညာကို အသုံးပြုနေကြသည်ဟု ဒီဇင်ဘာ ၂၀ ရက်က Global Times တွင်ပါသော သတင်းတွင် ဖော်ပြခဲ့သည်။

ကျောင်းသားများအနေဖြင့် ခွင့်ပြုချက်မရှိဘဲ ကျောင်းမှ ထွက်သွားမည်ဆိုပါက အလိုအလျောက် အချက်ပေးစနစ်က အသံ မြည်လာမည်ဖြစ်ကြောင်းလည်း ထိုသတင်းစာက ဖော်ပြခဲ့သည်။ ကျောင်းဂိတ်ဝများတွင် တပ်ဆင်ထားသော မျက်နှာကို သိမှတ်နိုင်သည့် စက်ကိရိယာများဖြင့် ချိတ်ဆက်ထားသဖြင့် ကျောင်းသားများ ကျောင်းဝတ်စုံလဲ ဝတ်ခြင်းကို စမတ်ကျောင်းဝတ်စုံက သိရှိနိုင်မည်ဖြစ်သည်ဟု သိရသည်။

“ကျာင်းဆင်းပြီးသွားလို့ ကျောင်းသားတွေ ဘယ်နေရာကို ရောက်နေလဲဆိုတာ ကျွန်တော်တို့ စစ်ဆေးကြည့်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျောင်းသားတွေ ပျောက်နေတာ၊ အတန်းပြေးတာမျိုး ဖြစ်တဲ့အချိန်မှာတော့ ဝတ်စုံဟာ သူတို့ တည်နေရာကို ကူညီ ညွှန်ပြနိုင်ပါလိမ့်မယ်”  ဟု ကွေကျိုးပြည်နယ်ထဲရှိ ကျောင်းအုပ်လင်ကျုံ့ဝူက ဆို သည်။

ကျောင်းသားများ ကျောင်းပြေးခြင်းကို စမတ်ယူနီဖောင်းက မည်မျှထိထိရောက်ရောက် တားမြစ်နိုင်မည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ကျောင်းအုပ်ရန်ရုရှန် က နည်းပညာမြင့် ကျောင်းဝတ်စုံတို့သည် ကျောင်းတက်နှုန်းကို မြင့်တက်လာစေသော်လည်း များများစားစား မဟုတ်ဟု ပြောကြားခဲ့သည်။

Shwe Burma