ဘုန်းမောက်နှင့်ပွဲတွင် ကြံ့ခိုင်မှုအနေအထားအရ အဆင်မပြေနိုင်၍ အိုဇေးလ်ကို ချန်လှပ်ခဲ့ခြင်းဖြစ်သည်ဟု အူနိုင်းအမ်မရီ ဖြေရှင်း

အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီသည် ဘုန်းမောက်အသင်းကို အနိုင်ရရှိခဲ့သည့်ပွဲတွင် ကွင်းလယ်ကစားသမား အိုဇေးလ်ကို အသုံးမပြုခဲ့ခြင်းအတွက် ဖြေရှင်းမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အူနိုင်းအမ်မရီသည ယင်းပွဲတွင် အိုဇေးလ်ကို အရန်ခုံထိုင်ခိုင်းခဲ့သော်လည်း လူစားဝင်ကစားသမားအဖြစ်ပင် အသုံးပြုခဲ့ခြင်းမရှိပေ။ အိုဇေးလ်သည် အာဆင်နယ်အသင်းတွင် လစာအများဆုံးရရှိနေသည့်ကစားသမားဖြစ်သလို၊ ယခုရာသီပရီးမီးယားလိဂ်တွင် (၁၀)ပွဲ ပွဲထွက်ကစားခဲ့ပြီး (၄)ပွဲတွင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရသူဖြစ်သည်။

ထို့ကြောင့် မေးခွန်းထုတ်မှုများရှိလာခဲ့ရာ အူနိုင်းအမ်မရီက ”ကျွန်တော်တို့ ဒီပွဲမှာ ဘယ်လိုပိုကောင်းအောင် ကစားမလဲလို့ စဉ်းစားခဲ့ပါတယ်။ ဒီပွဲက ကြံ့ခိုင်မှုပိုင်းနဲ့ပတ်သက်ပြီး တောင်းဆိုမှု အလွန်မြင့်မားလိမ့်မယ်လို့ သုံးသပ်မိပါတယ်။ ဘုန်းမောက်အသင်းဟာ ကစားရခက်တဲ့ အသင်းဖြစ်သလို၊ ဘုန်းမောက်ကွင်းကလည်း ခက်ခဲတယ်ဆိုတာ ကျွန်တော်တို့ သိထားပါတယ်။ ဒါကြောင့် အခုလို ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော် ရာသီအစကတည်းက ပြောခဲ့တဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ လိုအပ်တာ အားလုုံးအကောင်းဆုံးပေါင်းစပ်ပြီး ပြိုင်ပွဲဝင်နိုင်ဖို့ပါ။ တစ်ဦးချင်းအရည်အသွေးက အသင်းရဲ့စွမ်းဆောင်ရည်ကို တိုးတက်စေဖို့ပဲ လိုအပ်ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး(၁၇)ပွဲဆက် ကျွန်တော်တို့အသင်း ရှုံးပွဲမရှိခဲ့ပါဘူး။ ဒါပေမဲ့ နောက်ဆုံး(၃)ပွဲမှာ သရေကျခဲ့ပါတယ်။ ဒါဟာ ကျေနပ်နေရမယ့်အခြေအနေမဟုတ်ပါဘူး။ ဒါကြောင့် လိုအပ်တဲ့အပြောင်းအလဲတွေ လုပ်ခဲ့တာပါ။ ဒီပုံစံနဲ့ပဲ ရှေ့ဆက်သွားမှာပါ” ဟုပြောကြားခဲ့သည်။

source:news-eleven

Shwe Burma