စီရော်နယ်လ်ဒို၏ အခွန်ရှောင်တိမ်းမှုစွဲချက်ကို ဇန်နဝါရီ ၂၁ ရက် စစ်ဆေးမည်

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒို၏ အခွန်ရှောင်တိမ်းမှုစွဲချက်အတွက် ကြားနာစစ်ဆေးမှုကို ဇန်နဝါရီ (၂၁)ရက်တွင်ပြုလုပ်မည်ဖြစ်ကြောင်း မက်ဒရစ်တရားရုံးက အတည်ပြုထုတ်ပြန်ခဲ့သည်။

စီရော်နယ်လ်ဒိုသည် ရီးယဲလ်မက်ဒရစ်အသင်း၌ကစားစဉ် ၂၀၁၁ မှ ၂၀၁၄ ခုနှစ်အတွင်း ပုံရိပ်အသုံးပြုခဝင်ငွေအတွက် ယူရို (၁၄.၇) သန်း အခွန်ပေးဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း စပိန်အစိုးရရှေ့နေများက စွပ်စွဲထားသည်။

အစောပိုင်းတွင် ၎င်းက စွဲချက်များအား ငြင်းဆန်ခဲ့သော်လည်း ယခုနှစ် ဇွန်တွင်မူ အခွန်ရှောင်ခဲ့သည့်ပမာဏအပြင် ထပ်ဆောင်းဒဏ်ကြေးအဖြစ် စုစုပေါင်း ယူရို (၁၈.၈) သန်းပေးဆောင်ရန်နှင့် ဆိုင်းငံ့ထောင်ဒဏ် (၂)နှစ်ကျခံရန် သဘောတူလက်ခံခဲ့သည်။

စီရော်နယ်လ်ဒိုအနေဖြင့် စွဲချက်များအတွက် အပြစ်ရှိကြောင်း နှင့် ဆိုင်းငံ့ထောင်ဒဏ်ကျခံရန် သဘောတူလက်ခံကြောင်း ဝန်ခံထွက်ဆိုရန် လိုအပ်နေရာ ဇန်နဝါရီ (၂၁) ရက်တွင် ကြားနာစစ်ဆေးရန် စီစဉ်ထားခြင်းဖြစ် သည်။

သို့သော် စီရော်နယ်လ်ဒိုသည် တရားရုံးသို့ ကိုယ်တိုင်မလာဘဲ ဗီဒီယိုမှတစ်ဆင့် ကြားနာစစ်ဆေးမှုပြုလုပ်ရန် တောင်းဆိုဖွယ်ရှိကြောင်း စပိန်မီဒီယာများက ခန့်မှန်းဖော်ပြလျက်ရှိသည်။

Shwe Burma