မြန်မာပြည်၌ထုတ်သောအရက်အချို ့တွင် ယူရီးယားဓာတ်မြေသြဇာ အသုံးပြုမှုရှိနေဟု စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဆို

မြန်မာပြည်တွင် ထုတ်လုပ်သောအရက်အချို့တွင် ယူရီးယားဓာတ်မြေသြဇာ အသုံးပြုမှုတို့ရှိနေကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။

လက်ရှိ မြန်မာပြည်တွင်ရောင်းချနေသော နိုင်ငံခြားဖြစ်အရက်ပုလင်းများတွင် အတုများရှိနေပြီး အစစ်ကိုမေးဝယ်မှသာ ဈေးနှုန်းကြီးမြင့်စွာဖြင့် အမှန်တကယ်ရရှိကြောင်း ဦးဗအုပ်ခိုင်က ပြောသည်။ “ နာမည်တော့ ထုတ်မပြောတော့ဘူး။ နာမည်ကြီး အရက်ကုမ္ပဏီကြီးတစ်ခု။ အဲဒီက ထွက်လာတဲ့သတင်း၊ သတင်းကလည်း တိကျခိုင်မာပါတယ်။ ကုမ္ပဏီရဲ့ စာရင်းဌာနကပေါ့။

တစ်လတစ်လကို ယူရီးယားဓာတ်မြေသြဇာ ဒီမှာ ပုလဲဓာတ်မြေသြဇာလို့ ခေါ်တယ်။ ဆယ်သိန်းဖိုးလောက် ရှင်းရတယ်ဆိုတယ်။ အခုချိန်ထိလည်း သုံးတုန်းပါပဲ။ ဒါတွေကတော့ တော်တော်အန္တရာယ်များပါတယ် ” ဟု ဦးဗအုပ်ခိုင်က အကုန်သိသတင်းဌာနသို့ ပြောသည်။

အဆိုပါ အရက်ချက်စက်ရုံများတွင် မသန့်စင်သော ဓာတုအရောအနှောများ ပါဝင်နေသောကြောင့် သောက်သုံးသူများသည် နှစ်အနည်းငယ်အတွင်း အသည်းခြောက်ကာ သေဆုံးမှုများဖြစ်ပေါ်နေကြောင်းလည်း ၎င်းက ပြောသည်။ “ အဲဒီတော့ ဒီလိုအန္တရာယ်ရှိတဲ့အရက်တွေကို ဘုရားစကားနားထောင်ပြီး လုံးဝမသောက်ဖို့ပဲ ဆရာကတော့ တိုက်တွန်းချင်တယ် ” ဟု ဦးဗအုပ်ခိုင်က ပြောသည်။

လက်ရှိ ပြည်တွင်းဖြစ် အရက်တစ်လုံးလျှင် ကျပ်ထောင်ဂဏန်းဖြင့် ဝယ်ယူရရှိသော်လည်း နိုင်ငံခြားဖြစ်အရက်တစ်လုံးလျှင် ကျပ်သောင်းဂဏန်းမှ သိန်းဂဏန်းထိရှိနေကြောင်း သိရသည်

Shwe Burma