အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲပြီးနောက် ဆူနာမီဖြစ်ပေါ်ခဲ့ရာ လူ ၂၂၂ ဦးထက်မနည်း သေဆုံး

အင်ဒိုနီးရှားနိုင်ငံတွင် ဒီဇင်ဘာ ၂၂ ရက် ညပိုင်းက မီးတောင်ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ဆန်ဒါရေလက်ကြားဝန်းကျင်မှ နာမည်ကျော်ကမ်းခြေများသို့ ကြိုတင်သတိ ပေးချက်မရှိဘဲ ဆူနာမီလှိုင်းလုံးကြီး ဝင်ရောက်ရိုက်ခတ်ခဲ့ရာ လူ ၂၂၂ ဦးထက် မနည်းသေဆုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ ကျယ်ပြန့်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။

အာနက် ခရာကာတိုအာ (ဒဏ္ဍာရီလာ ခရာကာတိုအာ၏ ရင်သွေးဟု အဓိပ္ပာယ်ရ) မီးတောင် ပေါက်ကွဲခဲ့ပြီးနောက် ဒေသစံတော် ချိန်ည ၉နာရီခွဲခန့်အချိန်က ဆူမတ်တြားတောင်ပိုင်းရှိ ကမ်းရိုးတန်းနှင့် ဂျာဗား အနောက်ဘက်စွန်းသို့ ဆူနာမီလှိုင်းလုံးဝင် ရောက်ခဲ့ခြင်းကြောင့် အဆောက်အအုံ ရာပေါင်းများစွာ ပျက်စီးခဲ့ရသည်ဟု အမျိုးသား သဘာဝဘေး အန္တရာယ်ရေးရာဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပိုဟွာဝိုနျူဂရိုဟိုက ပြောကြားခဲ့သည်။

သဘာဝဘေးဒဏ်ခံခဲ့ရသော ဒေသသုံးခုတွင် အတည်ပြုနိုင်သော သေဆုံးသူဦးရေ ၂၂၂ ဦးရှိပြီး၈၄၃ ဦး ဒဏ်ရာရရှိကာ ၂၈ ဦး ပျောက်ဆုံးနေစဉ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များသည် အသက်ရှင်ကျန်ရစ်သူများကို တွေ့ရှိရန် အပျက်အစီးများကြား၌ ပိုက်စိတ်တိုက် မွှေနှောက်ရှာဖွေမှုများ လုပ်ဆောင်နေကြသည်။

လူမှုမီဒီယာပေါ်သို့ တင်ခဲ့သည့် ဗီဒီယိုတစ်ခုထဲတွင် ဟင်းလင်းပြင်၌ ပြုလုပ်နေသည့် ပေါ့တေးဂီတအုပ်စု Seventeen ၏ ဖျော်ဖြေပွဲသို့ ကြီးမားသော ရေလှိုင်းကြီးတစ်ခုက ရုတ်ချည်း ဝင်ရောက်ဖျက်ဆီးသွားပုံကို တွေ့ရသည်။ ထိုဖြစ်စဉ်အတွင်း အဆိုပါအဖွဲ့မှ ဘေ့စ်ဂီတာတီးသူနှင့် လမ်းမန်နေဂျာတို့အပါအဝင် လေးဦး သေဆုံးသွားခဲ့ကာ နောက်ထပ်အဖွဲ့ဝင်တစ်ဦး ပျောက်ဆုံးနေသည်ဟု သိရသည်။

ဆူနာမီလှိုင်း ဝင်ရောက်ခြင်းခံခဲ့ရသော ကမ်းရိုးတန်းဒေသတို့၏ အခြေအနေများအား ရိုက်ကူးထားသော ဓာတ်ပုံများထဲတွင် ကမ်းခြေများပေါ်၌ အမြစ်မှ ကျွတ်ထွက်နေသော သစ်ပင်များ၊ အပျက်အစီးများ ပြန့်ကျဲနေပုံကို တွေ့ရသည်။ “ကားတွေ၊ ကွန်တိန်နာတွေ ဟာ ၁၀ မီတာလောက် ရွေ့သွားကြတယ်။ ကမ်းခြေအစွန်မှာရှိတဲ့ အဆောက်အအုံတွေ ပျက်စီးသွားပြီး သစ်ပင်နဲ့ ဓာတ်တိုင်တွေ ပြိုလဲကုန်တယ်။ ဒေသခံတွေအားလုံးကတော့ တောထဲကို ဝင်ပြေးခဲ့ကြတာပဲ” ဟု ဒီဇင်ဘာ ၂၂ ရက်ညက ကာရီတာကမ်းခြေမှ ထွက်ပြေးခဲ့ရသူတစ်ဦးက ဆိုသည်။

“ကျွန်တော် ဆိုင်ကယ်ကိုတောင် စက်မနှိုးလိုက်နိုင်ဘဲ ဒီအတိုင်းခြေထောက်နဲ့ပဲ ပြေးနိုင်သမျှ ပြေးခဲ့ရတာပါ” ဟု အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောကြားခဲ့သည်။

လဆန်းဖြစ်နေသောကြောင့် ထူးကဲဒီရေတက်ခြင်း၊ အာနက်ခရာကာတိုအာ မီးတောင်ပေါက်ကွဲမှုကြောင့် ရေအောက် မြေပြိုမှုဖြစ်ပွားခြင်းတို့ကြောင့် ဆူနာမီလှိုင်း ဖြစ်ပေါ်လာခြင်းဖြစ်နိုင်သည်ဟု အာဏာပိုင်တို့က ပြောကြားခဲ့သည်။ “ဒီနှစ်ခု ပေါင်းစပ်မှုကြောင့် ဆူနာမီလှိုင်းတစ်ခု ရုတ်ချည်းပေါ်ပေါက်လာပြီး ကမ်းရိုးတန်းဒေသကို ဝင်ရိုက်ခတ်တာ ဖြစ်နိုင်ပါတယ်” ဟု နျူဂရိုဟိုက ပြောကြားခဲ့သည်။ သေဆုံးသူဦးရေမှာ ထပ်မံမြင့်တက်လာ သည်ဟုလည်း ၎င်းက ဆိုသည်။

ဆူနာမီလှိုင်းသည် ဆန်ဒါရေလက်ကြား ဝန်းကျင်ရှိ ကမ်းရိုးတန်းဒေသအနှံ့အပြားသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သော်လည်း အထိအနာဆုံး ဖြစ်ခဲ့ရသည့်နေရာမှာ ဂျာဗားကျွန်း အနောက်ပိုင်းစွန်းရှိ ပန်ဒီဂလန်ခရိုင်ဖြစ်ကြောင်း သိရသည်။ ထိုနေရာတွင် လူ ၃၃ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ၄၉၁ ဦး ဒဏ်ရာ ရရှိခဲ့သည်။

ရေများရုတ်ချည်းနေရာပြောင်းခြင်း သို့မဟုတ် မြေပြိုခြင်းတို့ကြောင့် မြေအောက်မီးတောင်ပေါက်ကွဲမှုသည် ဆူနာမီလှိုင်းကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ သို့သော်ယင်းကဲ့သို့ ဖြစ်စဉ်မှာ အတော်အတန် ရှားပါးကြောင်း နိုင်ငံတကာဆူနာမီ သတင်းအချက်အလက်ဌာနက ထုတ်ပြန်ခဲ့သည်။

၁၈၈၃ ခုနှစ်က လူပေါင်း ၃၆၀၀၀ ကို သေစေခဲ့သည့် ခရာကာတိုအာမီးတောင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ယင်းနောက် ၁၉၂၇ ခုနှစ်တွင် ဂျာဗားနှင့် ဆူမတ်တြားကျွန်းကြား၌ တည်ရှိသည့် ထိုနေရာမှာပင် မီးတောင်ကျွန်းငယ် အာနက်ခရာကာတိုအာသည် ပင်လယ်ထဲမှ အသစ်ထွက် ပေါ်လာခြင်းဖြစ်သည်။

ရေအောက်တွင် တစ်စိတ်တစ်ပိုင်းရှိနေသော အာနက်ခရာကာတိုအာမီးတောင်သည် လှုပ်ရှားမှု မြင့်တက်နေသည်မှာ ရက်ပေါင်းများစွာ ရှိနေပြီဖြစ်ကာ လေထုထဲသို့ပြာပူများ မှုတ်ထုတ်နေသည်ဟု အင်ဒိုနီးရှား ဘူမိဗေဒအေဂျင်စီက ထုတ်ပြန်ခဲ့သည်။ မီးတောင်သည် ဒီဇင်ဘာ ၂၂ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီမတိုင်မီက ၁၃ မိနစ်ကြာ ပေါက်ကွဲခဲ့ပြီး လေထုထဲသို့ မီတာရာပေါင်းများစွာအမြင့်အထိ ပြာပူများ မှုတ်ထုတ်နေခဲ့သည်ဟု သိရသည်။ ထို့နောက် ည ၉ နာရီနောက်ပိုင်းတွင်လည်း နောက်တစ်ကြိမ်ထပ်မံ ပေါက်ကွဲခဲ့သေးသည်။ အာနက်ခရာကာတိုအာသည် အင်ဒိုနီးရှားကျွန်းစုနိုင်ငံအနှံ့တွင် တည်ရှိသော မီးတောင်ရှင် ၁၂၇ ခုအနက် တစ်ခုဖြစ်သည်။

၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က ငလျင်လှုပ်ခတ်မှုတစ်ခုဖြစ်ပွားပြီးနောက် အိန္ဒိယသမုဒ္ဒရာထဲမှ ဆူနာမီလှိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့ရာ နိုင်ငံပေါင်း ၁၃ နိုင်ငံမှ လူပေါင်း ၂၂၆,၀၀၀ ဦး သေဆုံးခဲ့ရသည်။ ထိုသေဆုံး သူများထဲတွင် အင်ဒိုနီးရှားနိုင်ငံမှာ ၁၂၀,၀၀၀ ဦး ပါဝင်သည်။

Shwe Burma