အမေရိကန်ထံမှ ဒုံးဝယ်ယူမှုသည် ရုရှားမှ S – 400 ဝယ်ယူမည့်အပေါ် သက်ရောက်မှုမရှိဟု တူရကီပြောကြာ

အမေရိကန်ထံမှ ဒေါ်လာ ၃.၅ ဘီလျံဖိုး ဒုံးများကို တူရကီက ဝယ်ယူခြင်းသည် ပြိုင်ဘက်ရုရှားထံမှ S – 400 ဒုံးများအား ဝယ်ယူရန် သဘောတူညီချက်ကို ထိခိုက်မည် မဟုတ်ကြောင်း တူရကီသမ္မတရုံးပြောခွင့်ရ ပုဂ္ဂိုလ်က ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

“အမေရိကန်ရဲ့ ပက်ထရီရော့ဒုံး ဝယ်ယူမှုဟာ S – 400 ကိစ္စကို သက်ရောက်မှုရှိစေမှာ မဟုတ်ပါဘူး။ ဒီနှစ်ခုကို ရွေးချယ်ရမယ့် အရာလို့ ကျွန်တော်တို့ မမြင်ပါဘူး” ဟု ပြောခွင့်ရပုဂ္ဂိုလ် အီဘရာဟင်ကာလင်က ပြောကြားခဲ့သည်။

ပက်ထရီရော့ဒုံးအစင်း ၈၀ ၊ PAC – 3 ကြားဖြတ်ဒုံးအစင်း ၆၀ နှင့် အခြားဆက်စပ် ပစ္စည်းများကို တူရကီသို့ ရောင်းချရန်အစီအစဉ်ကို လွှတ်တော်သို့ တင်ပြထားသည့် အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရုရှား၏ S – 400 ဒုံးများကို ဝယ်ယူမည့် တူရကီအား နေတိုးမဟာမိတ်တို့က ပြင်းပြင်းထန်ထန် ပြစ်တင်နေကြသည်။ တူရကီအာဏာပိုင်များကမူ ၎င်းတို့သည် S – 400 ဒုံးကာကွယ်ရေးစနစ်ကို လိုအပ်ကြောင်း၊ မဟာမိတ်နိုင်ငံများက ထိုစနစ်များရောင်းချလျှင်လည်း ဝယ်မည့်အကြောင်း ထပ်တလဲလဲ ပြောနေသည်။

ဆီးရီးယားနယ်စပ်သို့ တူရကီတပ်များစေလွှတ်

ဆီးရီးယားနိုင်ငံထဲမှ အမေရိကန်တပ်များ ဆုတ်ခွာတော့မည့်အချိန်တွင် အာဒိုဂန်သည် ဒီဇင်ဘာ ၂၅ ရက်က ဆီးရီးယားနယ်စပ်သို့ တူရကီတပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်ခဲ့သည်။ ကာ့ဒ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPG) နှင့် IS အုပ်စုတို့ကို ပစ်မှတ်ထားမည့် ထိုးစစ်ကိုလာမည့်လများအတွင်း စတင်မည်ဟုလည်း တူရကီအစိုးရက ထုတ်ပြန်ခဲ့သည်။

တူရကီအစိုးရသည် YPG ကို ၎င်းတို့ နိုင်ငံထဲမှ တရားမဝင်ကြောင်း ကြေညာထားသော ကာ့ဒ်အလုပ်သမားပါတီ (PKK) ၏ အကြမ်းဖက်အဖွဲ့ခွဲတစ်ခုအဖြစ် ရှုမြင်နေသည်။ သို့သော် YPG ပြည်သူ့စစ်အုပ်စုသည် ဆီးရီးယားထဲမှ IS တို့ကို တိုက်ထုတ်ရာတွင် အမေရိကန်၏ အဓိကမဟာမိတ်ဖြစ်သည်။ “ကျွန်တော်တို့ဟာ ဆီးရီးယားအာရပ်တွေကို IS တွေနဲ့ ပစ်ထားမှာမဟုတ်သလို ဆီးရီးယားကာ့ဒ်တွေကိုလည်း PKK ရဲ့ ရက်စက်ကြမ်းကြုတ်မှုမှာ ပစ်ထားမှာ မဟုတ်ပါဘူး” ဟု အာဒိုဂန်က ဆိုသည်။

တူရကီက ပြင်သစ်ကို သတိပေး

ထိုကာ့ဒ်ပြည်သူ့စစ်အုပ်စုကို ကာကွယ်ပေးရန် တပ်ဖွဲ့များကို ဆက်လက်တပ်စွဲထားခြင်းဖြင့် ပြင်သစ်သည် မည်သည့်ကောင်း ကျိုးမှရမည်မဟုတ်ဟု တူရကီနိုင်ငံခြားရေးဝန်ကြီး မီဗက်ကာဗူဆိုဂလူက ဒီဇင်ဘာ ၂၅ ရက်က သတိပေးခဲ့သည်။ အမေရိကန်က တပ်များကို ပြန်ရုပ်သိမ်းသွားသော်လည်း ပြင်သစ်သည် ဆီးရီးယား၌ ဆက်လက်တပ်စွဲထားမည်ဟု ပြင်သစ်ကကြေညာပြီးနောက် ယခုသတိပေးချက် ထွက်လာခြင်းဖြစ်သည်။

အာဒိုဂန်က ထရန့်ကို တူရကီသို့ ဖိတ်ခေါ်

ထိုစဉ် အာဒိုဂန်က အင်ကာရာသို့လာရောက်ရန် အမေရိကန် သမ္မတဒေါ်နယ်ထရန့်ကို ဖိတ်ကြားခဲ့ကြောင်း အိမ်ဖြူတော်က ကြေညာခဲ့သည်။ “၂၀၁၉ ခုနှစ်မှာ တူရကီကို လာရောက်ဖို့ သမ္မတထရန့်ကို သမ္မတအာဒိုဂန်က ဖိတ်ကြားခဲ့ပါတယ်။ ဒါပေမဲ့ တိတိကျကျ ပြင်ဆင်တာမျိုးတော့ မရှိသေးပါဘူး။ အနာဂတ်မှာ ဖြစ်နိုင်ခြေရှိတဲ့ တွေ့ဆုံမှုအတွက် သမ္မတက လမ်းဖွင့်ပေးထားပါတယ်” ဟု အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ်က ဒီဇင်ဘာ ၂၄ ညနေပိုင်းတွင် ကြေညာခဲ့သည်။

Shwe Burma