ထိန်းသိမ်းခံထားရသော တရုတ်လူ့အခွင့်အရေး ရှေ့နေ၏ဇနီး တရားခွင်သို့ သွားရောက်ခွင့် တားမြစ်ခံရ

နေအိမ်အကျယ်ချုပ် ချမှတ်ခံထားရသော တရုတ်လူ့အခွင့်အရေးရှေ့နေ ဝမ်ကွမ်ကျန်၏ ဇနီးအား တရုတ်အာဏာပိုင်များက တရားခွင်သို့ သွားရောက်ခွင့် တားမြစ်ခဲ့ကြောင်း လူမှုမီဒီယာ WeChat တွင် ဇနီးဖြစ်သူ လီဝမ်ကျူက ရေးသားခဲ့သည်။ ခင်ပွန်းဖြစ်သူအား ကာလအကန့်အသတ်မရှိ ထိန်းသိမ်းထားမှုကို ကန့်ကွက်သည့်အနေဖြင့် ပြီးခဲ့သည့်သီတင်းပတ်တွင် ခေါင်းရိတ်ဆန္ဒပြခဲ့သော လီဝမ်ကျူက ပေကျင်းရှိ နေအိမ်အပြင်ဘက်တွင် ဒီဇင်ဘာ ၂၅ ရက်က လုံခြုံရေး ၂၀ ကျော်ကို တွေ့ခဲ့ကြောင်း၊ ယင်းတို့ထဲမှတစ်ဦးက ထျန်ကျင်းသို့မသွားရန် ၎င်းအား တားမြစ်ခဲ့ကြောင်းပြောကြားခဲ့သည်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် မြေသိမ်းခံရသူများအတွက် ရှေ့နေလိုက်ပေးသော ဝမ်ကွမ်ကျန်သည် ၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် နိုင်ငံတော်အဖျက်အမှောင့် လုပ်ရပ်စွပ်စွဲချက်ဖြင့် ထိန်းသိမ်းခံခဲ့ရသည်။ ၂၀၁၅ ခုနှစ်က ‘၇၀၉ ဖိနှိပ်မှု’ ဟု ထင်ရှားခဲ့သည့် ရှေ့နေများနှင့် တက်ကြွလှုပ်ရှားသူ ၂၀၀ ကျော်အား ထိန်းသိမ်းခဲ့သည့် ဖိနှိပ်မှုတွင် ဝမ်တစ်ဦးတည်းသာ မလွတ်မြောက်သေးဘဲ ကျန်ရှိနေခဲ့သည်။

ဝမ်ကို ထျန်ကျင်းမြို့တွင် ဒီဇင်ဘာ ၂၆ ၌ ရုံးတင်စစ်ဆေးမည် ဖြစ်သည်။ ခင်ပွန်းဖြစ်သူအား ရုံးတင်မည့်နေ့ကို သိခဲ့ပြီဖြစ်ကြောင်းလီက ဒီဇင်ဘာ ၂၄ ရက်တွင် Twitter ၌ ရေးတင်ခဲ့သည်။ နှစ်ကုန်အားလပ်ရက်ကာလအတွင်း နိုင်ငံရေးအတိုက်အခံများကို ပြစ်ဒဏ်များ ချမှတ်လေ့ရှိသည်မှာ တရုတ်အစိုးရအတွက် ယခုတစ်ကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ခဲ့ပေ။ ၂၀၀၉ ခုနှစ် ခရစ္စမတ်ကာလကလည်း နိုဗယ်ငြိမ်းချမ်းရေးဆုရှင်နှင့် နိုင်ငံရေးအတိုက်အခံ လျူရှောင်ပိုကို တရုတ်အစိုးရက နိုင်ငံတော်အဖျက်အမှောင့်လုပ်ရပ်အတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့ဖူးသည်။ လျူရှောင်ပိုသည် ပြီးခဲ့သည့်နှစ်က ထိန်းသိမ်းခံထားရစဉ် အသည်းကင်ဆာဖြင့် ကွယ်လွန်သွားခဲ့သည်။

နိုင်ငံတော်အဖျက်အမှောင့်လုပ်ရပ် စွပ်စွဲချက်ဖြင့် အပြစ်ရှိကြောင်း ဝန်ခံရန် ငြင်းဆိုခဲ့သည့် တရုတ်တက်ကြွလှုပ်ရှားသူ ဝူကန်သည် ပြီးခဲ့သည့်နှစ်က ခရစ္စမတ်နေ့မတိုင်မီ တစ်ရက်အလိုတွင် ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခံခဲ့ရသည်။ တရုတ်အာဏာပိုင်များသည် ဝမ်ကွမ်ကျန်အား ရုံးတင်စစ်ဆေးမှုတွင် ဇနီးဖြစ်သူ လီကိုသာမက အခြားထင်ရှားသော တက်ကြွလှုပ်ရှားသူများနှင့် ထောက်ခံသူများကိုလည်း ရုံးတင်စစ်ဆေးမှုသို့ တက်ရောက်ခွင့်မရရန် ဆောင်ရွက်နေသည်။

ခြစားသူများအား အရေးယူရန်အတွက် တာဝန်ရှိသူများက ပိုင်ဆိုင်မှုများ ဖော်ထုတ်ပေးရန် တောင်းဆိုခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်တွင် ထောင်ဒဏ်နှစ်နှစ် ကျခံခဲ့ရသော ကျန်ပေါင်ချန်ကသူသည် ဝမ်အား ရုံးတင်စစ်ဆေးမှုသို့ သွားရောက်ရန် စီစဉ်ထားခဲ့ကြောင်း၊ သို့သော်လည်း တရုတ်အာဏာပိုင်များက ၎င်း၏လှုပ်ရှားမှုကို ဒီဇင်ဘာ ၂၆ ရက် တစ်ရက်လုံး ထိန်းချုပ်ထား၍ အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြောင်း ပြောကြားခဲ့သည်။

Shwe Burma