လက်နက်ကိုင်ရန် ကြောက်နေရတဲ့ နမ္မတူ ဒေသခံများ

ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း ရှမ်းနဲ့ ပလောင် လက်နက်ကိုင် နှစ်ဖွဲ့ကြား တိုက်ခိုက်နေကြတဲ့ တိုက်ပွဲတွေ အတော မသတ်နိုင်သေးလို့ မအေးချမ်း၊ မတည်ငြိမ်တဲ့ အငွေ့အသက်တွေဟာ နေရာတိုင်းမှာ ရှိနေပါတယ်။

ရှမ်းမြောက်ဒေသက တောင်ကုန်း တောင်တန်းတွေပေါ် ရောက်ရှိလာတဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တပ်ဖွဲ့များကို တိုက်ထုတ်နေတဲ့ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကြား စစ်ရေး လှုပ်ရှားမှုတွေကလည်း ရှုပ်ထွေးနေဆဲပါ။


RCSS နဲ့ TNLA တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာ ၂ နှစ်ခန့် ရှိပါပြီ။

တိုက်ပွဲတွေဟာ အရပ်သားတွေနဲ့ လွတ်ကင်းတဲ့ တောတောင်တွေ ကြားထဲမှာတင် ဖြစ်တာ မဟုတ်ဘဲ လူထုကြားထဲ အထိပါ ဖြစ်နေတာပါ။ ရန်သူ့တပ်နဲ့ ပတ်သက်တယ်လို့ သံသယရှိတယ်ဆိုပြီး ဒေသခံ လူထုကို ဖမ်းဆီးနှိပ်စက်တာ၊ ခြိမ်းခြောက် တာတွေကို နှစ်ဖက်စလုံးက လုပ်ဆောင်နေကြပါတယ်။

၂၀၁၆ ခုနှစ်က စလို့ တိုက်ပွဲကာလ ၂ နှစ်အတွင်း TNLA နဲ့ RCSS ကြား နယ်မြေ သတ်မှတ်မှုတွေထဲမှာ ပါဝင်တဲ့ နမ္မတူ မြို့နယ်အတွင်း ပလောင်ရွာသား ၉ ဦး ပျောက်ဆုံးသွားသလို ရှမ်းရွာသား ၆၀ လောက်ဟာလည်း ဖမ်းဆီး နှိပ်စက်ခြင်းနဲ့ သတ်ဖြတ်ခြင်းတို့ ခံထားရပါတယ်။

နမ္မတူမြို့နယ်တွင်းမှာ RCSS နဲ့ TNLA တို့ ဝင်ထွက် သွားလာနေတဲ့ ရွာပေါင်း ၅၀ ခန့်ရှိပြီး အဲဒီ ရွာတွေ အားလုံး နီးပါး ဟာ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) ကို နှစ်စဉ် ငွေကြေး၊ ဆန်နဲ့ သီးနှံတွေ အခွန်အဖြစ် ပေးဆောင်ရပါတယ်။

နမ္မတူမြို့နယ်ထဲက ကျေးရွာတခုမှာ နေထိုင်တဲ့ ဦးစိုင်းမောင်က“ကျနော်တို့ အရပ်သားတွေက လက်နက်ကိုင်တဲ့ ဘယ်သူ လာလာ အဆင်ပြေအောင် ဆက်ဆံရတယ်။ ဒါကို ဟိုဘက်ကလည်း ဟိုဘက်လူလို့ စွပ်စွဲတယ်၊ ဒီဘက်က လည်း စွပ်စွဲတာတွေ ရှိတယ်။ ကျနော်တို့က ကြားညပ်နေတယ်”လို့ ပြောပါတယ်။

စစ်ရေး တင်းမာနေတဲ့ TNLA နဲ့ RCSS ကြားမှာလည်း ရွာသူရွာသားတွေဟာ နှစ်ဖက်တပ်က စစ်သားတွေ တောင်းခံ တဲ့ အကူအညီတွေကို ပေးရသလို တခါတလေ လက်နက်ခဲယမ်းတွေ ရွာထဲမှာ လာသိမ်းဆည်းတာ၊ သတင်းပေး လုပ်ခိုင်းတာ မျိုးတွေမှာလည်း ငြင်းပိုင်ခွင့်မရှိဘဲ လုပ်ဆောင် ပေးနေရပါတယ်။

တဖက်အဖွဲ့ကို ကူညီနေတဲ့ အကြောင်း တဖက်အဖွဲ့က ပြန်သိရင်လည်း ရွာသားတွေကို ခြိမ်းခြောက် ဖမ်းဆီးတာတွေ၊ နှိပ်စက်တာတွေ လုပ်တတ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

စွပ်စွဲ နှိပ်စက်မှုများ နဲ့ ဒေသခံများ

နမ္မတူမြို့နယ် နားဟုတ် ကျေးရွာ အဝင်ဝက ဆောက်လက်စ တိုက်အိမ်လေးမှာ“RCSS ကို ကူညီတဲ့ လူတွေကို ဖမ်း မယ်”၊ “RCSS ဆိုတာ ခွန်ဆာရဲ့ လက်ထွက်တွေ၊ သူတို့နဲ့ ပတ်သက်ရင် ဒီလိုပဲ ခံရမယ်။ ဒါက နမူနာပဲ” ၊ “ငါတို့က လွယ်တိုင်းလျန်းထိ လိုက်တိုက်မယ်” ဆိုတဲ့ စာသားတွေကို ရှမ်းဘာသာနဲ့ အနီရောင်ဆေးတွေ မှုတ်ပြီး အိမ်နံရံ ပတ်လည်မှာ ရေးသားထားတာ တွေ့ရပါတယ်။

ဒီအနီရောင်ဆေးတွေကို ၂၀၁၈ ခုနှစ် သြဂုတ်လက မြောက်ပိုင်း ပူးပေါင်းတပ်ဖွဲ့ (TNLA, SSPP) တွေ ဝင်လာပြီး ရေးသွားတာလို့ ရွာသားတွေက ပြောပါတယ်။
နားဟုတ် ကျေးရွာသား တဦးက“ဒါ ဦးဆောရိယရဲ့ အိမ်၊ သူက RCSS နဲ့ ပေါင်းပြီး သစ်လုပ်တယ်။ စီးပွားရေးပေါ့။ ဒီတိုက်က ဆောက်လက်စ အသစ်ကြီးကို ပူးပေါင်းအဖွဲ့တွေ ဝင်လုပ်သွားတာ။ အိမ်ရှင်တွေကတော့ ဒီကိစ္စဖြစ်ပြီး ကတည်းက စစ်ကိုင်းတိုင်းက သူ့သားဆီ ထွက်ပြေးသွားပြီ”လို့ ပြောပြပါတယ်။

ဦးဆောရိယဆိုသူ အိမ်ခြံဝင်းထဲမှာ အိမ်သုံးပစ္စည်းတွေကို မီးပုံရှို့ထားတဲ့ မီးလောင် အပိုင်းအစတွေလည်း ပြန့်ကျဲနေ ပါတယ်။ ဒါ့အပြင် တခြား အိမ်တအိမ်ကနေ ငွေကျပ် ၁၀ သိန်းနဲ့ နောက် အိမ်တလုံးကလည်း ကျပ် ၆ သိန်းကို ပူးပေါင်း တပ်ဖွဲ့ စစ်သားတွေက ယူသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။

ခင်ပွန်းဖြစ်သူကို RCSS တပ်ဖွဲ့ဝင်ဆိုပြီး စွပ်စွဲခံရတဲ့ နားဟုတ်ရွာသူ အမျိုးသမီး တဦးကလည်း“အဲဒီနေ့က ပလောင် စစ်သားတွေက အိမ်ကို မီးရှို့ဖို့ဆိုပြီး အိမ်က ဓာတ်ဆီပုံးကို ဆွဲတယ်။ ကျမက မလုပ်ဖို့ တောင်းပန်ပြီး ပုံးယူပြေးတာ။ သူတို့က မီးလိုက်ရှို့တာ၊ လူကိုတောင် လောင်မလို့ နည်းနည်းပဲ လိုတယ်” လို့ သူ ကြုံတွေ့ခဲ့ပုံတွေကို ပြန်ရှင်းပြ ပါ တယ်။

နားဟုတ်ကျေးရွာကို ဝင်မွှေနှောက်သွားတာ သူတို့မဟုတ်ဘဲ ဦးဆောရိယကိုသာ RCSS တပ်ဖွဲ့ရဲ့ ပစ္စည်းတွေ တွေ့လို့ ရိုက်နှက်စစ်ဆေးခဲ့ကြောင်း၊ TNLA နဲ့ SSPP တပ်ဖွဲ့တွေ ထွက်သွားပြီးနောက် ရွာကို ဝင်လာတဲ့ တပ်မတော် စစ်ကြောင်း တွေမှာသာ တာဝန်ရှိတယ်လို့ TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားပေမယ့် ကိုယ်တွေ့ ကြုံခဲ့ရတဲ့ ရွာသူရွာသားတွေကတော့ TNLA နဲ့ SSPP ပူးပေါင်းအဖွဲ့တွေ လုပ်သွားတာလို့ ဧရာဝတီကို ပြောပါတယ်။

အရပ်သားတွေကို RCSS နဲ့ မပတ်သက်ရေး လုပ်ဆောင်မှုဟာ ၂၀၁၈ ခုနှစ်ကျမှ ပေါ်ပေါက်လာတာ မဟုတ်ဘဲ TNLA နဲ့ RCSS ကြား စစ်ရေးတင်းမာမှု စတင်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းက လုပ်ဆောင်နေတာလို့ သိရပါတယ်။

နားဟုတ်လိုဘဲ ရှမ်းလူမျိုးတွေ အများစုနေကြတဲ့ မိုင်းတပ် ကျေးရွာမှာလည်း RCSS တပ်ဖွဲ့ဝင်ဆိုတဲ့ သံသယနဲ့ ရွာသားတွေ ဖမ်းဆီးခံရတာ ၂ ကြိမ် ရှိပါပြီ။
၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်က တကြိမ်၊ ၂၀၁၇ ခုနှစ် မတ်လ ၁၂ ရက်က တကြိမ် ရွာသားတွေကို TNLA က ဖမ်းဆီး ခဲ့တာဖြစ်ပြီး RCSS တပ်ဖွဲ့တွေ မိုင်းတပ်ရွာမှာ စခန်းချခဲ့ဖူးတာကြောင့် TNLA က သံသယ ရှိနေတာလို့ ရွာသားတွေဆီက သိရပါတယ်။

၂၀၁၆ ခုနှစ်က ဖမ်းဆီးမှုမှာ ဒေသခံ ၁၁ ဦး ဖမ်းဆီးခံရတာဖြစ်ပြီး အဖမ်းခံရသူထဲက တဦးဖြစ်တဲ့ ဦးမောင်ချစ်စိန် ကတော့ သူ့ရဲ့ ပြောင်းခင်းထဲမှာ ပြောင်းဖူးခူးနေတုန်း TNLA တပ်ဖွဲ့တွေက သေနတ်နဲ့ ဝိုင်းချိန်ပြီး အကြောင်းပြချက် မပေးဘဲ ဖမ်းဆီးခဲ့တာလို့ ပြောပြပါတယ်။

“စကားပြောခွင့်ကို မပေးဘူး။ ကြိုးချည်ပြီး ရိုက်တယ်။ လည်ပင်းနဲ့ ခါးတွေ လက်တွေကို တဆက်တည်း ချည်ထားတာ” လို့ သူကြုံခဲ့ ရတာတွေကို ပြန်ပြောပြပါတယ်။
ဦးမောင်ချစ်စိန်တို့ ရွာသား ၁၁ ဦးကို ပန်ဝါ၊ နားလီ၊ မန်ပုံရွာတွေကို ဖြတ်ပြီး မန်မိုင်ရွာ၊ မန်ဆာရွာအထိ ခြေလျင် လမ်းလျှောက်ခိုင်းကာ လမ်းမှာလည်း “မင်းတို့ဟာ RCSS ပဲ” လို့စွပ်စွဲပြီး ရိုက်နှက်၊ ခြေထောက်တွေနဲ့ ကန်တယ်လို့ ဖမ်းဆီးခံရသူတွေက ပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံရပြီး ၁၃ ရက်မြောက်မှာတော့ တဦးချင်းစီကို မြေကျင်းတူးခိုင်းခဲ့ပြီးနောက် တကိုယ်လုံး ကြိုးတုပ်ကာ ကျင်းထဲ၌ ဦးခေါင်းပေါ်ရုံ မြေမြှုပ်ပြီး RCSS သတင်းပေး ဟုတ်၊ မဟုတ်ကို စစ်ဆေးခံခဲ့ရကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ သူ ဦးအောင်လှက ပြောပြပါတယ်။

“အဲဒီတုန်းက ကိုယ့်ကိုယ်ကိုယ် သေပြီလို့ပဲ သတ်မှတ်ထားခဲ့တာ”လို့ ၎င်းက ပြန်ပြောပြပါတယ်။

သူတို့ ဖမ်းဆီးခံရချိန်ဟာ ဆောင်းတွင်းကာလဖြစ်ပြီး တောင်ပေါ်ဒေသဖြစ်တဲ့ နမ္မတူမှာ အအေးကဲနေ ပေမယ့်လည်း အနွေးဓာတ်ရဖို့ လုံလောက်တဲ့ အနွေးထည်တွေ မရရှိခဲ့ပါဘူး။
ရွာသားတွေဘက်က သူတို့ မဟုတ်တဲ့အတွက် ဝန်မခံခဲ့လို့ မန်ဆာရွာက TNLA အချုပ်ခန်းထဲမှာပဲ အကျဉ်းချ ခံထား ရပြီး ၂၃ ရက်မြောက် နေ့မှာတော့ အရပ်သားတွေ စုဖွဲ့ထားတဲ့ ရှမ်း-တအန်း ယုံကြည်မှု တည်ဆောက်ရေး အဖွဲ့က လာ ကယ် ထုတ်တာကြောင့် ပြန်လွတ်မြောက် လာခဲ့ပါတယ်။

ပြန်လွှတ်ခါနီးမှာ ခံဝန်ကတိ လက်မှတ်ထိုးခဲ့ရပါတယ်။ ခံဝန်ကတိထဲမှာ RCSS ကို လုံး၀ အကူအညီ မပေးသလို တအန်း ရွာသူရွာသားတွေကို နှိပ်စပ်ညှဉ်းပန်းတာ၊ အစဖျောက် သတ်ဖြတ်တာတွေ မလုပ်ပါဘူးဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ခံဝန်ကတိ ဖောက်ဖျက်ရင် TNLA က ပေးတဲ့ ဘယ်ပြစ်ဒဏ်မဆို ခံယူပါ့မယ် ဆိုတဲ့ စကားရပ် တွေလည်း ပါဝင်ပါတယ်။

“အဓိကက ကျနော့်ရွာသားတွေ လွတ်ဖို့ဆိုတော့ လက်မှတ်ထိုးခဲ့ကြတာပေါ့” လို့ မိုင်းတပ်ရွာ အုပ်ချုပ်ရေးမှူး ဦးကောလိယက ပြောပါတယ်။
ဦးမောင်ချစ်စိန်နဲ့ ဦးအောင်လှတို့ နှစ်ဦးက ဖမ်းဆီးခံရချိန်က သွေးပျက်ဖွယ် အဖြစ်အပျက်တွေကို ပြန်ပြောပြနေရင်းက သူတို့ဟာ အရပ်သားစစ်စစ်တွေပါဆိုတဲ့ အကြောင်းကိုလည်း ထပ်တလဲလဲ ပြောဆိုနေတုန်းပါ။

၂၀၁၇ ခုနှစ် မတ်လ ၁၂ ရက် ဒုတိယအသုတ်မှာတော့ ရွာသား ၃၉ ဦးကို TNLA က ရွာထဲထိ ဝင်ရောက် ဖမ်းဆီးသွား တာ ဖြစ်ပြီး စစ်ဆေး မေးမြန်းမှုတွေ လုပ်ပြီး ရက်ပိုင်းအကြာမှာပဲ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒုတိယအကြိမ် TNLA က ဝင်ရောက်ဖမ်းဆီးစဉ်မှာ ဦးမောင်ချစ်စိန်က ကံဆိုးစွာနဲ့ပဲ ထပ်မံ အဖမ်းခံခဲ့ရပါတယ်။


လက်နက်ကိုင်တွေကို စိတ်ပျက်

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်မှာ အစိုးရနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) ချုပ်ဆို ပြီးတဲ့ နောက် RCSS ဟာ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်နဲ့ မန်တုံမြို့နယ်တွေကို အင်အား ထောင်ဂဏန်းလောက် တိုးဝင် လှုပ်ရှားလာခဲ့ပါတယ်။

တိုက်ပွဲတွေ ဖြစ်ခါစမှာတော့ RCSS ဟာ သူလှုပ်ရှားနေဆဲ နယ်မြေတွေမှာ လှုပ်ရှားတာလို့ ငြင်းခုန်ခဲ့ပေမယ့် ၂၀၁၈ ခုနှစ် အတွင်း ဧရာဝတီနဲ့ အမေးအဖြေများမှာတော့ ရှမ်းပြည်နယ်မှာ ဘယ်နေရာ နေနေ နေလို့ ရရမယ်ဆိုပြီး ထုတ်ဖော် ပြောဆိုလာပါတယ်။

TNLA ရဲ့ ပြောရေးဆိုခွင့် ရှိသူများကတော့ တိုက်ပွဲတွေ စဖြစ်ချိန်ကနေ ယနေ့အထိ RCSS တပ်ဖွဲ့တွေ ရောက်ရှိနေတဲ့ နေရာတွေကနေ ပြန်ဆုတ်သွားမှ တိုက်ပွဲတွေ အဆုံးသတ်နိုင်မယ်လို့ ပြောဆိုထားပါတယ်။

RCSS ဟာ ၂၀၁၆ ခုနှစ် ပန်လုံရွာ တိုက်ပွဲအပြီးမှာ လွယ်ဟန်းတောင်ကြော အတိုင်း တက်လာပြီး တပ်ဖွဲ့ဝင်တွေကို နမ္မတူ မြို့နယ်အတွင်း နေရာယူ ဖြန့်ကျက်ထားတာလို့ သိရပါတယ်။

လွယ်ဟန်း တောင်ကြောဟာ နမ္မတူမြို့နယ်အတွင်းမှာ အမြင့်ဆုံးတောင်ကြောဖြစ်ပြီး အဲဒီ တောင်ကြောနဲ့ ဆက်စပ်နေ တဲ့ တောင်တန်း၊ တောင်ကုန်းတွေက တဆင့် နမ့်ဆန်၊ မန်တုံနဲ့ သီပေါမြို့နယ်တွေကို ဝင်ထွက် သွားလာနိုင်ပါတယ်။

လွယ်ဟန်းတောင်ကြောရဲ့ တောင်ခြေအနားမှာ ရှိတဲ့ ပန်ဆော့ ကျေးရွာက ဦးစိုင်းက“ဟိုးမြင်နေရတဲ့ ဘုရားဖြူဖြူလေး နဲ့ တောင်ကုန်းမှာ RCSS တပ်ဖွဲ့တွေ ရှိတယ်”လို့ ပြောပါတယ်။

RCSS တပ်ဖွဲ့ဟာ နမ္မတူမြို့နယ်ထဲက အမြင့်ဆုံးတောင်ကြောကို နေရာယူထားတာ ဖြစ်လို့ TNLA တပ်ဖွဲ့တွေကလည်း မကြာခဏ ဝင်တိုက်ဖို့ ကြိုးစားတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

နမ္မတူမြို့နယ်အတွင်း ရွာတွေက ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ နှစ်ဖက် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ သတင်း ထုတ်ပြန် ချက်တွေပါ အချက်အလက်တွေ အရ ၂၀၁၈ ခုနှစ်အတွင်း TNLA နဲ့ RCSS တိုက်ပွဲဖြစ်ပွားမှု အကြိမ် အရေ အတွက်ဟာ ၄၀ လောက် ရှိတယ်လို့ သိရပါတယ်။

TNLA နဲ့ RCSS နှစ်ဘက် တိုက်ပွဲနဲ့ ပဋိပက္ခတွင်း ခက်ခဲကျပ်တည်းစွာ နေထိုင်ရင်းကပင် SSPP ကိုဆန်နဲ့ ငွေကြေးတွေ တောင်းသလောက် ပေးနေကြရပြီး ဆယ်စုနှစ်ပေါင်းများစွာ အခွန် ဆက်ကြေး ပေးဆောင်နေရပေမယ့်လည်း ရွာသား တွေ ဒုက္ခရောက်ရင်ဖြင့် ကူညီပေးတာမျိုး မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

RCSS နဲ့ TNLA ကြား ပဋိပက္ခ မြင့်မားချိန် ၂၀၁၈ ခုနှစ် သြဂုတ်လမှာ SSPP က TNLA နဲ့ ပူးပေါင်းပြီး စစ်ရေးပဋိပက္ခထဲ ပါဝင်လာတာကြောင့် ဒေသခံတွေ ပိုမို စိတ်ပျက် လာကြတယ်လို့ ပြောပါတယ်။

၂၀၁၈ သြဂုတ်လက SSPP ကို အခွန်ဆက်ကြေးပေးနေသူ ရှမ်းရွာသားတဦးကို TNLA က RCSS အဖွဲ့ဝင် ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးရိုက်နှက် နှိစ်စက်ခဲ့ပါသေးတယ်။

မှားဖမ်းမိမှန်း သိပြီးချိန်မှာ အဲဒီရွာသားဟာ အသက်မသေဘဲ ပြန်လွတ်လာပေမယ့် ရင်ဘတ်ကို ရိုက်နှက် စစ်ဆေး ခဲ့တာကြောင့် ရင်ဘတ်မှာ သွေးခဲသွားပြီး မန္တလေး ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူခဲ့ရတယ်လို့ ဆိုပါတယ်။

ဂျနီဗာ ကွန်ဗန်းရှင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု

၁၉၄၉ ခုနှစ် ဂျနီဗာ ကွန်ဗန်းရှင်းရဲ့ ပြဋ္ဌာန်းချက် အမှတ် (၃) အရ ပြည်တွင်းပဋိပက္ခတွေ ဖြစ်ပွားရာမှာ အဖမ်းခံရတဲ့ စစ်သားတွေ၊ ဒဏ်ရာရရှိထားတဲ့ ကျန်းမာရေး မကောင်းတဲ့ စစ်သားတွေနဲ့ စစ်ပွဲနဲ့ ပါဝင်ပတ်သက်ခြင်း မရှိတဲ့ အရပ် သား တွေကို ဖမ်းဆီး ထိန်းသိမ်းတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာ၊ အစာရေစာ ဖြတ်တောက်တာ၊ ပြန်ပေးဆွဲ ဓားစာခံ လုပ်တာမျိုး လုပ်ခွင့် မရှိပါဘူး။

လူ့ဂုဏ်သိက္ခာနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ပြီး တရားစီရင်ရမယ်ဆိုရင်တောင် နိုင်ငံက ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ရမယ်လို့ ပါရှိပါတယ်။

အရပ်သားတွေကို တိုက်ပွဲအတွင်း အသုံးချတာ၊ စစ်လက်နက် ပစ္စည်းတွေ သယ်ခိုင်း တာ၊ သတင်း ပေးခိုင်းတာ၊ ခြိမ်းခြောက်တာမျိုးတွေဟာ ဂျနီဗာ ကွန်ဗန်းရှင်းကို ချိုးဖောက်တာတွေပဲ ဖြစ်ပါတယ်။

ဂျနီဗာ ကွန်ဗန်းရှင်း စာချုပ်ပါ ပြဌာန်းချက်တွေဟာ စာချုပ်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံအတွင်းက တပ်မတော်နဲ့ လက်နက်ကိုင် အဖွဲ့တွေ အားလုံး လိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဂျနီဗာ ကွန်ဗန်းရှင်းမှာ လက်မှတ် ရေးထိုး ထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ တပ်မတော်နဲ့ ဖြစ်တဲ့ ပဋိပက္ခတိုင်းမှာ တပ်မတော်က လူ့ အခွင့် အရေး ချိုးဖောက်မှုရှိကာ ဂျနီဗာ ကွန်ဗန်းရှင်းကို ချိုးဖောက်တယ်လို့ ထောက်ပြပြောဆို အပြစ်တင်လေ့ ရှိပါတယ်။

ဒါပေမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက နမ္မတူ ဒေသခံတွေအပေါ် သူတို့ကိုယ်တိုင် ကျူးလွန်တဲ့ လူ့ အခွင့် အရေး ချိုးဖောက်မှုတွေ၊ ညှဉ်းပန်း နှိပ်စက်မှုတွေကိုတော့ ထုတ်ဖော်ပြောဆိုလေ့ မရှိဘဲ ရေငုံနှုတ်ပိတ်နေလေ့ ရှိပါတယ်။

RCSS နဲ့ TNLA ကြားက မြေစာပင်

လွယ်ဟန်းတောင်ကြောကို မျက်နှာမူထားတဲ့ ပန်ကွတ်ကျေးရွာလေးမှာ ၂၀၁၈ ခုနှစ်အတွင်း လက်နက်ကြီး ကျည်တွေ ကျတာ ၂ကြိမ် ရှိခဲ့ပြီး အချိန်မရွေး ဖြစ်လာနိုင်တဲ့ တိုက်ပွဲတွေကြောင့် ပန်ကွက်ရွာ အိမ်တိုင်းမှာ ဗုံးခို ကတုတ်ကျင်းတွေ တူးထားကြရပါတယ်။

ပန်ကွတ်ရွာလေးဟာ ၂၀၁၈ ခုနှစ် မတ်လမှာ တိုက်ပွဲဒဏ်ကို အကြီးအကျယ် ခံခဲ့ရပြီး ရွာသား ၂၀၀ ကျော်ဟာ ပန်ကွတ် နဲ့ ၇ မိုင်လောက်ဝေးတဲ့ မန်စံရွာကြီးကို တိမ်းရှောင်ခဲ့ရပြီး နောက်တရက်မှာပဲ အဝတ်အစားယူဖို့ ဆိုင်ကယ်စီး ပြန်လာတဲ့ ရွာသား ၅ ဦးဟာလည်း လမ်းမှာပဲ ပျောက်သွားပါတယ်။

တိုက်ပွဲဖြစ်နေချိန်မှာ ပန်ကွက် ရွာတဝိုက်နဲ့ ပန်ကွက်-မန်စံလမ်းမှာ RCSS တပ်ဖွဲ့ဝင်တွေ နေရာယူထားမှု ရှိတယ်လို့ သိရပါတယ်။ TNLA ထံ စုံစမ်းကြည့်ပေမယ့် သူတို့ ဖမ်းထားတာ မဟုတ်ကြောင်း ငြင်းဆန်ထားတဲ့ အတွက် RCSS က ဖမ်းတယ်လို့ပဲ မိသားစုဝင်တွေနဲ့ ရွာသားတွေက တထစ်ချ ယုံကြည်ထားပါတယ်။

ရွာသား ၅ ဦး ပျောက်ပြီး မကြာခင် ဇူလိုင်လ ၃၁ ရက်ကလည်း မန်စံရွာ ဈေးနေ့သွားတဲ့ ပန်ကွက်ရွာသား ၄ ဦး ထပ်မံ အဖမ်းခံရပြန်ပါတယ်။ ဖမ်းဆီးမှု လုပ်ဆောင်စဉ်မှာ အဖမ်းခံရသူတွေနဲ့ အတူပြန်လာတဲ့ ရွာသူတဦးက မြင်တာကြောင့် RCSS တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ တရွာလုံးက ပြောနေကြပါတယ်။

ပန်ကွတ်ရွာသူ ဒေါ်ရွှေအောင်က“သား ပျောက်သွားတဲ့နောက် ချွေးမကလည်း အလုပ်လုပ်ဖို့ တရုတ်ပြည်ကို ထွက် သွား တယ်။ ကျမတို့ မိသားစုက တကွဲတပြားဖြစ်သွားပြီ”လို့ ပြောပါတယ်။

သားဖြစ်သူကို RCSS က သတ်ပစ်တာမျိုး မလုပ်ဘဲ စစ်သား လုပ်ခိုင်းတာ ဖြစ်ပါစေ၊ တိုက်ပွဲပြီးရင် ပြန်လွတ်လာပါစေ ဆိုပြီး ဆုတောင်းနေတယ်လို့ ဒေါ်ရွှေအောင်က ဆိုပါတယ်။

ပန်ကွတ်ရွာ အရှေ့ဘက်မှာ ရှိတဲ့ လွယ်ဟန်းတောင်ကြောပေါ်မှာ RCSS တပ်ဖွဲ့တွေ ရှိနေပြီး ရွာအနောက်ဘက်ခြမ်း တောင်ကုန်းတွေမှာ TNLA တပ်ဖွဲ့တွေ ရှိနေသေးတာကြောင့် ရွာသူရွာသားတွေဟာ အရင်တုန်းကလို ပြောင်းဖူး၊ စပါးနဲ့ အသီးအနှံတွေကို တောင်ပေါ်မြေကွက်တွေမှာ သွားမစိုက်ရဲကြတော့ပါဘူး။

အိမ် နောက်ဘေးခြံမှာ စိုက်ထားတဲ့ မုန်ညင်း၊ ပဲနဲ့ သီးပင်စားပင်တွေကိုပဲ အဓိက အားထားကာ စားဝတ်နေရေး ဖြေရှင်း နေရပြီး တောင်ယာကို ဘယ်သူမှ မသွားရဲကြတော့ပါဘူး။

ပန်ကွတ်ရွာ ရပ်မိရပ်ဖ တဦးဖြစ်တဲ့ ကိုသန်းရွှေက“ဒီနှစ် ကျနော်တို့ စိုက်ပျိုးရတာ ၈၀ ရာခိုင်နှုန်းလောက် လျော့သွား တယ်။ မရှိ ရှိတာကို စားနေရတယ်။ ပြီးခဲ့တဲ့ ၃ လက ဆန် လုံးဝပြတ်သွားလို့ နမ္မတူမြို့က အကူအညီတောင်းပြီး ဒီမှာ စားရတယ်”လို့ ပြောပြပါတယ်။

ဒီလိုမျိုး လုံခြုံမှု မရှိတဲ့ အဖြစ်အပျက်တွေ ဖြစ်ပြီးတဲ့နောက် ဒေသခံ ယောကျ်ားသား အများစုဟာ ရွာမှာ မနေကြတော့ ဘဲ တခြားရွာတွေကို ပြောင်းရွှေ့နေထိုင်နေကြပြီး တခါတရံမှသာ ရွာကို ပြန်လာကြပါတော့တယ်။

ပန်ကွတ်ရွာ အုပ်ချုပ်ရေးမှူး ဦးသန်းအောင်ရဲ့ ပြောဆိုချက်အရ ၂၀၁၈ ခုနှစ်အတွင်း ပန်ကွတ်ရွာ လူဦးရေဟာ ၂၀၀ ကျော် ကနေ ၁၀၀ ကျော်အထိ လျော့ကျသွားတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း RCSS နဲ့ TNLA ရဲ့ တိုက်ပွဲတွေကတော့ ရပ်တန့်မယ့် အလားအလာ မရှိသေးပါဘူး။ နှစ်ဖက် တပ်တွေ ကြား ညှိနှိုင်းမှုတွေ မရှိသေးသလို စစ်ရေး လှုပ်ရှားမှုတွေကလည်း ဆက်ရှိနေပါတယ်။

ရပ်မိရပ်ဖ ကိုသန်းရွှေကတော့“နောက်ထပ်သာ တိုက်ပွဲတွေ ဆက်ဖြစ်နေရင် ကျနော်တို့ရွာလေး ပျက်သွားတော့မယ်” လို့ ပြောဆိုပါတယ်။ ။

Shwe Burma