တရုတ်နှင့် ထိစပ်နေသော နယ်စပ်ဒေသတွင် ကာကွယ်ရေးမြှင့်တင်မှုအဖြစ် အိန္ဒိယက အရှည်ဆုံး ရထားလမ်းတံတားကို ဖွင့်လှစ်

တရုတ်နှင့်ထိစပ်နေသော နယ်စပ်ဒေသတွင် ကာကွယ်ရေး အဆင့်မြှင့်တင်မှုအဖြစ် အိန္ဒိယက နိုင်ငံအရှေ့မြောက်ပိုင်းပြည်နယ်၌ ဖောက်လုပ်ထားသည့် အရှည်ဆုံး ရထားလမ်းတံတားကို ဒီဇင်ဘာ ၂၅ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အာသံပြည်နယ်ရှိ ဗြဟ္မပုတြာမြစ်ကို ဖြတ်ကျော် တည်ဆောက်ထားသော Bogibeel ရထားလမ်းတံတားကို ဆယ်စုနှစ် နှစ်ခုနီးပါး အချိန်ယူတည်ဆောက် ခဲ့ရပြီး ဒေါ်လာသန်း ၈၀၀ ကုန်ကျခဲ့သည်။ ၄.၉ ကီလိုမီတာ (သုံးမိုင်) ရှည်လျားသော Bogibeel ရထားလမ်းတံတားကို အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီက တက်ရောက်ဖွင့် လှစ်ပေးခဲ့သည်။

ဒီဘရူဂါ့ဟ်မြို့အနီးတွင် တည်ရှိသည့် အဆိုပါတံတားသည် တရုတ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော အာရူနာချယ်ပရာဒေ့ရှ်ပြည်နယ်သို့ အိန္ဒိယတပ်ဖွဲ့များ အလျင်အမြန် စေလွှတ်ပေးနိုင်ရန် အထောက်အကူ ဖြစ်စေမည်ဖြစ်ပြီး ဒီဘရူဂါ့ဟ်မြို့မှ အီတာနဂါမြို့သို့ အဆိုပါရထားလမ်းဖြင့်သွားလျှင် ခရီးချိန်လေးနာရီလျှော့ချပေး နိုင်မည်ဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် တရုတ်နှင့် စစ်ပွဲဖြစ်ပွားစဉ်အတွင်း အိန္ဒိယသည် အာရူနာချယ်ပရာဒေ့ရှ် ပြည်နယ်အတွင်းရှိ နယ်မြေပိုင်နက်ကို ဆုံးရှုံးခဲ့ရသည်။ Bogibeel လမ်းတံတားကို တန် ၆၀ ရှိ အိန္ဒိယတင့်ကားကြီးများ၏ အလေးချိန်ကို ခံနိုင်ရည်ရှိစေရန် ဒီဇိုင်းဆွဲ တည်ဆောက်ထားခြင်းဖြစ်ပြီး တိုက်လေယာဉ်များလည်း ရပ်နားနိုင်ကြောင်း သိရသည်။

အိန္ဒိယသည် ကာကွယ်ရေးမဟာဗျူဟာ အဆင့်မြှင့်တင်ရန်အတွက် အာသံပြည်နယ်နှင့် အာရူနာချယ်ပရာဒေ့ရှ်ပြည်နယ်ကို ဆက်သွယ်ထားသော ၉.၁ ကီလိုမီတာအရှည်ရှိ နိုင်ငံ၏အရှည်ဆုံး Dhola- Sadiya တံတားကို ၂၀၁၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

Shwe Burma