ကျွန်းဆွယ်ပေါ်မှ ရထားလမ်းနှင့် ကားလမ်းများအား ပြန်လည်ချိတ်ဆက်ရန် ကိုရီးယားနှစ်နိုင်ငံကတိပြု

နျူကလီးယားဖျက်သိမ်းရေး ဆွေးနွေးမှုမှာ ကြန့်ကြာနေသော်လည်း နှစ်ခြမ်းကွဲနေသော ကိုရီးယားကျွန်းဆွယ်ပေါ်မှ ရထားလမ်းနှင့် ကားလမ်းများအား ပြန်လည် ပြင်ဆင်ချိတ်ဆက်ရေး ဆိုင်ရာအခမ်းအနားသို့ တက်ရောက်ရန် ဒီဇင်ဘာ ၂၆ ရက်က တောင်ကိုရီးယားကိုယ်စားလှယ်များသည် နယ်စပ်ကိုဖြတ်ကျော်ကာ မြောက်ကိုရီးယားနိုင်ငံသို့ သွားခဲ့ကြသည်။

အစိုးရအရာရှိများနှင့် မြောက်ကိုရီးယားတွင် မွေးဖွားခဲ့သူငါးဦးအပါအဝင် တောင်ကိုရီးယားနိုင်ငံသား ၁၀၀ ခန့်ကို တင်ဆောင်ထားသော တွဲကိုးတွဲပါသည့် အထူးရထားတစ်စင်းသည် မြောက်ကိုရီးယားနယ်စပ်မြို့ ကေဆောင်သို့သွားရန် နံနက်အစောပိုင်းက ဆိုးလ်မြို့ ရထားဘူတာရုံမှ ထွက်ခွာခဲ့ကြသည်။

အနီ၊ အဖြူ၊ အပြာရောင်ရှိသော ရထားကြီး၏ ဘေးနှစ်ဘက်တွင် ‘တောင်-မြောက် ရထားလမ်းနဲ့ ကားလမ်းတွေကို ပြန်ဆက်သွယ်ပြီး ငြိမ်းချမ်းမှုနဲ့ သာယာစည်ပင်မှုရှိတဲ့ ခေတ်တစ်ခေတ်ကို အတူတကွ ဖွင့်လှစ်ကြပါစို့’ ဟူသော ဆောင်ပုဒ်အား ကပ်ထားသည်ကို တွေ့ရသည်။

ရထားစင်္ကြံအနီးတွင်မူ လူ ၁၀ ဦးခန့် ပါဝင်သည့် လူတစ်စုသည် မြောက်ကိုရီးယား ခေါင်းဆောင်အား လူသတ်အာဏာရှင်တစ်ဦးဖြစ်သည်ဟု ရှုတ်ချကာ ယခုသယ်ယူပို့ ဆောင်ရေးချိတ်ဆက်မှုကိုလည်း ကိုရီးယား ကျွန်းဆွယ်တစ်ခုလုံးကို ကွန်မြူနစ်များဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု အပြစ်တင်သည့် စာများရေးသားထားသည့် ဆောင်ပုဒ်များအား ကိုင်ဆောင်၍ ဆန္ဒပြခဲ့ ကြသည်။

ထို့နောက် နှစ်နာရီခန့်အကြာတွင် အခမ်းအနားကျင်းပမည့် ကေဆောင်ရှိ ပန်မန်ဘူတာရုံသို့ တောင်ကိုရီးယား ရထားဆိုက်ရောက်သွားသည်ကို တောင်ကိုရီးယား ရုပ်သံများ၌ ပြသခဲ့ကြသည်။ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့သည် စက်တင်ဘာလတွင် တတိယအကြိမ် ထိပ်သီးတွေ့ဆုံပွဲ ပြုလုပ်ခဲ့စဉ် ယခုနှစ်ကုန်၌ ထိုအခမ်းအနား အားကျင်းပရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

သို့သော် ယခုအခမ်းအနားသည် ကိုရီးယားနှစ်နိုင်ငံကြားမှ ရထားလမ်းနှင့် ကားလမ်းများကို ဆက်သွယ်ကာ အဆင့်မြှင့်တင်မည့် လုပ်ငန်းအစီအစဉ်များ အမှန်တကယ် စတင်မှု၏ ရှေ့ပြေးမဟုတ်ကြောင်းကိုမူ တောင်ကိုရီးယားအစိုးရဘက်က အလေးပေး ပြောကြားခဲ့သည်။ အခမ်းအနားသည် ထိုစီမံကိန်းများအတွက် စူးစိုက်လုပ်ဆောင်မည့်အကြောင်းကို ထုတ်ဖော်ပြသမှု သက်သက်သာဖြစ်သည်ဟု တောင်ကိုရီးယား ပြန်လည်ရင်ကြားစေရေးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုခဲ့သည်။ ဆောက်လုပ်ရေး လုပ်ငန်းများကိုမူ မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားဖျက်သိမ်းရေးနှင့် ပိတ်ဆို့အရေးယူခံရ မှုများနှင့် ပတ်သက်သော အခြေအနေတို့အပေါ်လိုက်ပြီး လုပ်ဆောင်သွားမည်ဟု သိရသည်။

တောင်နှင့် မြောက်ကိုရီးယားသည် ထိုစီမံကိန်းများအတွက် ရထားလမ်းနှင့် ကားလမ်းများအား ပူးတွဲလေ့လာမှုများကို ယခုလအတွင်းကပင် အပြီးသတ်နိုင်ခဲ့သည်။ တောင်ကိုရီးယားသည် ထိုကြိုးပမ်းအားထုတ်မှုအတွက် ဒေါ်လာ ၆၂၀၀၀၀ လျာထားသည်။

မြောက်ကိုရီးယားအား နျူကလီးယားလက်နက်များကို စွန့်လွှတ်စေရန် အမေရိကန်က ပိုမိုကြိုးပမ်းလာစဉ် ယခုအခမ်းအနားကို ကျင်းပခဲ့ခြင်းလည်းဖြစ်သည်။

Shwe Burma