ရာထူးမှထုတ်ပယ်ပြီး (၅)မိနစ်အတွင်း မော်ရင်ဟို၏ရုံးခန်းကို မန်ယူအသင်း ရှင်းလင်းခဲ့

မန်ယူအသင်းသည် နည်းပြ မော်ရင်ဟိုအား ရာထူးမှထုတ်ပယ်ပြီး (၅)မိနစ်အတွင်းပင် ၎င်း၏ ရုံးခန်းကို ရှင်းလင်းပစ်ခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဆိုးရွားဆုံးရာသီအစမှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပြီးနောက် နည်းပြ မော်ရင်ဟိုကို ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

မော်ရင်ဟိုသည် ဒီဇင်ဘာလ (၁၈)ရက်တွင် မန်ယူအသင်း၏ ကာရင်တန်လေ့ကျင့်ရေးကွင်း၌ အသင်း၏အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်နှင့် မျက်နှာချင်းဆိုင်တွေ့ဆုံပြီးနောက် မန်ယူအသင်းက ယင်းနေ့ ဒေသစံတော်ချိန် နံနက် (၉)နာရီ၊ (၄၆) မိနစ်တွင် ၎င်းကို ရာထူးမှထုတ်ပယ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့နောက် မော်ရင်ဟိုသည် (၂)နှစ်ကျော်ကြာအသုံးပြုခဲ့သည့် ကာရင်တန်လေ့ကျင့်ရေးကွင်းရှိ ၎င်း၏ရုံးခန်းမှ ထွက်ခွာခဲ့သည်။ ကာရင်တန်လေ့ကျင့်ရေးကွင်းမှ မန်ယူအသင်းဝန်ထမ်းများသည် မော်ရင်ဟို ထွက်ခွာပြီး (၅)မိနစ်အတွင်းတွင် ၎င်း၏ရုံးခန်းကို ရှင်းလင်းခဲ့ကြခြင်းဖြစ်ပြီး ယင်းသို့ ရှင်းလင်းရာ၌ မော်ရင်ဟို ပိုင်ဆိုင်သည့်ပစ္စည်းများ၊ ဆုဖလားများနှင့် မော်ရင်ဟို၏ ဓာတ်ပုံများပါ ပါဝင်ကြောင်း သိရသည်။

မော်ရင်ဟို၏ရုံးခန်းကို ရှင်းလင်းခဲ့ခြင်းနှင့် ပတ်သက်ပြီး မန်ယူအသင်းမှ သတင်းပေးတစ်ဦးက” နောက်ဆုံးမှာ မန်ယူအသင်းရဲ့ လုပ်ရပ်က ရက်စက်ရာကျပါတယ်။ မော်ရင်ဟို နည်းပြ ရာထူးက ထုတ်ပယ်ခံရပြီး မိနစ်အနည်းငယ်အတွင်းမှာ မန်ယူအသင်းဝန်ထမ်းတွေက သူ့ ရုံးခန်းထဲကို ရောက်ရှိလာခဲ့တာဖြစ်ပြီး မော်ရင်ဟိုရဲ့အမှတ်တရတွေနဲ့ ပစ္စည်းတွေကို ရှင်းလင်းတာ သိပ်တောင် မကြာလိုက်ပါဘူး။ ပြီးတော့ မော်ရင်ဟို ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ကားပေါ် တင်ပေးလိုက်ကြတာပါ ပဲ။ မော်ရင်ဟိုဟာ မန်ယူအသင်းကို ကိုင်တွယ်စဉ်က ဝန်ထမ်းတွေနဲ့ ခဏတဖြုတ်စကားပြောလေ့ရှိပေမယ့် အချိန်အများစုကိုတော့ သူ့ရုံးခန်းမှာပဲ ကုန်ဆုံးခဲ့သူပါ ” ဟု ပြောကြားခဲ့သည်။

Shwe Burma