ခရစ္စမတ် အခါသမယတွင် မလေးရှားခေါင်းဆောင်များက အမျိုးသားစည်းလုံးညီညွတ်ရေးကို နှိုးဆော်

ခရစ္စမတ်အခါသမယတွင် မလေးရှား ခေါင်းဆောင်များက အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ဘာသာရေးဆိုင်ရာသည်းခံရေးတို့ကို တိုက်တွန်းနှိုးဆော်လိုက်သည်ဟု CNA သတင်းတွင် ဖော်ပြထားသည်။

ဆီလန်ဂါရှိ ဟိန္ဒူဘုရားကျောင်းတစ်ခုတွင် မကြာသေးမီက အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီးနောက် လူမျိုးရေး၊ ဘာသာရေးသွေးခွဲမှုများကို အစိုးရက ရှင်းလင်းဖယ်ရှားလျက်ရှိပြီး ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂၄ ရက်က မိန့်ခွန်းပြောကြားသော ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က “မလေးရှားဟာ လူမျိုးတိုင်း၊ ဘာသာတိုင်း အားလပ်ရက်ပွဲတော်တွေကို အတူတကွ ဆင်နွှဲကြတဲ့ ငြိမ်းချမ်းတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒီလိုအပြန်အလှန် လေးစားမှုကို မျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းသွားကြဖို့ မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။

ဒုတိယဝန်ကြီးချုပ် ဝမ်အဇီဇာဝမ် အစ္စမေးလ်ကလည်း “မလေးရှားလူမျိုးတွေဟာ လူမှုအဖွဲ့အစည်းရဲ့ မတူညီတဲ့ အသိုင်းအဝိုင်းတွေအကြား ချစ်ကြည်မှုနဲ့ နားလည်မှုတွေကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်သွားဖို့ လိုပါတယ်”ဟု ပြောကြားသည်။

“စည်းလုံးရင် ရပ်တည်နိုင်မယ်။ သွေးကွဲရင် ကျရှုံးသွားလိမ့်မယ်။ မကောင်းတာတွေကို အာရုံစိုက်နေမယ့်အစား ကောင်းတာတွေကိုပဲ အာရုံစိုက်ကြရအောင်”ဟု သူမက ပြောကြားသည်။

အစ္စလာမ်ဘာသာတွင် အခြားသူ တစ်ဦးအပေါ် သည်းခံခြင်းကို မဖြစ်မနေ ကျင့်သုံးရမည်ဟု သူမက မှတ်ချက်ပေး သည်။

“ဒီနှစ် ခရစ္စမတ်ပွဲတော်မှာဆင်နွှဲ နေသူတွေ အားလုံးအတွက် ပျော်ရွှင်တဲ့ အားလပ်ရက်ဖြစ်ပါစေ”ဟု သူမကဆုတောင်း သည်။

ဘဏ္ဍာရေးဝန်ကြီးလင်မ်ဂွမ်အန်း ကလည်း မလေးရှားလူမျိုးတို့ စည်းလုံးညီ ညွတ်ပြီး အစွန်းရောက်ဝါဒကို ပယ်နိုင်မှ တိုင်းပြည်စီးပွားရေး အားကောင်းလိမ့်မည် ဟု ပြောကြားသည်။

၎င်းက အစိုးရဟောင်း (ယခုအတိုက် အခံပါတီ)ကိုလည်း မလေးရှားတွင် နိုင်ငံ ရေးလမ်းစဉ် ဗဟိုပြုမှုကိုစွန့်လွှတ်ကာ ဘာသာရေးအခြေခံသည့် အစွန်းရောက် အယူအဆများကို ချမှတ်ခဲ့သည့်အတွက် ပြစ်တင်ဝေဖန်လိုက်သည်။

“ဒီလိုသာဆိုရင် မွတ်ဆလင်မဟုတ် သူတွေ၊ မလေးလူမျိုးမဟုတ်သူတွေကို ဝန်ကြီးရာထူးမပေးရုံသာမက အခြေခံ ဥပဒေမှာ ဖော်ပြထားတဲ့ သူတို့ရဲ့ ရပိုင်ခွင့် တွေကိုပါ ဆက်လက်ထိခိုက်လာနိုင်ပြီး ခရစ္စမတ်ပွဲတော်ကိုပါ လက်မခံတော့တဲ့ အထိ ဖိနှိပ်မှုတွေ ရှိလာလိမ့်မယ်”ဟု လင်ဂွမ်အန်းက ပြောကြားသည်။

မလေးရှားတွင် ယခင်လက ဆူဘန်းဂျာယားရှိ ဟိန္ဒူဘုရားကျောင်းတွင် အဓိက ရုဏ်းများ ဖြစ်ပွားခဲ့ပြီးနောက် လူမျိုးရေးနှင့် ဘာသာရေးတင်းမာမှုများ မြင့်တက်လာခဲ့သည်။

ဘုရားကျောင်း စီမံခန့်ခွဲမှုကော်မတီနှင့် ဝမ်းစီးတီးအိမ်ရာကုမ္ပဏီတို့ ဘုရားကျောင်းမြေနှင့်ပတ်သက်၍ အငြင်းပွားခဲ့ခြင်းဖြစ်ပြီး ဘုရားကျောင်းရှေ့တွင် လောင်နေသောမီးကို ငြှိမ်းသတ်သည့် ရှေ့ဆုံးမှ မီးသတ်သမားတစ်ဦးသည် ဆူပူသူများက ဆွဲခေါ်သွားကာ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး ယခင်အပတ်က ကွယ်လွန်သွားခဲ့သည်။

ဆူပူမှုကိုထိန်းချုပ်ရန် ပျက်ကွက်ခဲ့သည့်ရဲများကို အပြစ်တင်ခဲ့သောဝန်ကြီးများထဲမှ အမျိုးသားစည်းလုံးရေးနှင့် လူမှုဖူလုံရေးဝန်ကြီး ဝေသာမူသီကို နုတ်ထွက်ရန် တောင်းဆိုမှုများလည်း တိုးပွားလာသည်ဟု သိရှိရသည်။

သို့ရာတွင် အင်န်ဂျီအိုအဖွဲ့များကမူ ဝန်ကြီးမူသီကို ထောက်ခံသည့်အနေနှင့် ဝန်ကြီးချုပ်ရုံးသို့ စာတစ်စောင် ပေးပို့ခဲ့ကြသည်။

Shwe Burma