ကျွန်းမြေ ငှားရမ်းခ တစ်ဧက တစ်နှစ် ၈ သိန်းကျော်ကောက်ခံရန် သမ္မတရုံးသို့ တင်ပြထား

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်ရန် ကျွန်းမြေများကို BOT (တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း) စနစ်ဖြင့် ငှားရမ်းရာတွင် တစ်နှစ်စာမြေငှားခကို ၁ စတုရန်းမီတာလျှင် ၂၀၀ ကျပ်နှုန်းဖြင့် သတ်မှတ်ရန် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားကြောင်း တနင်္သာရီတိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြောကြားသည်။

 

တစ်ဧကလျှင် ၄၀၄၆ ဒသမ ၈၆ စတုရန်းမီတာရှိသည့်အတွက် တစ်ဧက မြေငှားခမှာ တစ်နှစ်လျှင် ကျပ်ရှစ်သိန်းကျော် ကျသင့်မည်ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလက ကျင်းပသော တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ယင်းသို့ သတ်မှတ်ကောက်ခံခွင့်ပြုရန် သမ္မတရုံးသို့ တင်ပြထားခြင်းဖြစ်ကြောင်း ဝန်ကြီး ဦးမြင့်မောင်က ပြောဆိုသည်။

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ကျွန်းမြေများကို လုပ်ငန်းလိုအပ်သလောက်သာ ရယူစေရန်နှင့် တိုင်းဒေသကြီး အခွန်ငွေ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်ကာ ယင်းသို့ကောက်ခံရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီး ဦးမြင့်မောင်က ပြောကြားသည်။

“မြေကို မလိုအပ်ဘဲ အများကြီးလိုက်ယူထားတာတွေကို ထိန်းညှိလိုတဲ့ ရည်ရွယ်ချက်လည်း ပါတယ်ပေါ့။ သမ္မတရုံးက အဖြေမလာသေးပါဘူး” ဟု ဝန်ကြီးဦးမြင့်မောင်က ပြောဆိုသည်။

တနင်္သာရီတိုင်းအတွင်း ကျွန်းအချို့တွင် ဟိုတယ်များဆောက်လုပ်ခြင်း၊ ခရီးသွားလုပ်ငန်းလုပ်ကိုင်ခြင်းတို့အတွက် မြေငှားခကို အစိုးရအနေနှင့် တိတိကျကျ သတ်မှတ်ထားခြင်းမရှိဟု ဝန်ကြီးကပြောကြားသည်။

ယခင်က မြေတစ်ဧကငှားခ တစ်နှစ်လျှင် တစ်သိန်းခွဲခန့် ပေးသွင်းနေကြရပြီး အထက်ပါဈေးအတိုင်း အတည်ပြုလိုက်ပါက လုပ်ငန်းစရိတ် ပြန်လည်တွက်ချက်ရမည်ဖြစ်ကြောင်း မြိတ်ဆာကူရာ ခရီးသွားလုပ်ငန်း အုပ်ချုပ်မှုဒါရိုက်တာက ပြောဆိုသည်။

“အခွန်အခ မြင့်လာရင် ခရီးသွားတွေမှာ ယူရမယ့် နှုန်းထားတွေလည်း မြင့်လာမှာပဲလေ၊ ဥပမာ အခန်းခ ဒေါ်လာ ၁၀၀ မှန်းထားရင် ၁၂၀ ဖြစ်ချင်ဖြစ်သွားမှာပေါ့” ဟု ယင်းဒါရိုက်တာက ပြောကြားသည်။

တနင်္သာရီတိုင်းတွင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသည့် ကျွန်းအများစုမှာ တစ်နှစ်ပတ်လုံး အလုပ်လုပ်ကိုင်နိုင်ခြင်းမရှိဘဲ ပွင့်လင်းရာသီ ၆ လ ခန့်သာ လုပ်ကိုင်နိုင်သည်ကိုပါ ထည့်သွင်း တွက်ချက်ရမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။

 

source:thevoice

Shwe Burma