ဂျီ-၂၀ ထိပ်သီး၌ ထရန့်က ကုန်သွယ်ရေးကိစ္စအတွက် ရှီနှင့် အပြင်းအထန် ဆွေးနွေးရမည်ဖြစ်ပြီး ရုရှား၊ ဆော်ဒီတို့နှင့် တင်းမာမှုများရှိနေ

သမ္မတဒေါ်နယ်ထရန့်သည် ယခု သီတင်းပတ်နှောင်းပိုင်းတွင် ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးတွင် ဆန့်ကျင်ဘက်ရလဒ်နှစ်မျိုးထွက်နိုင်သော ကုန်သွယ်ရေးဆွေးနွေးမှုတစ်ရပ်ကို တရုတ်သမ္မတနှင့် ပြုလုပ်ရမည် ဖြစ်သကဲ့သို့ ယူကရိန်းကိစ္စဖြစ်ပွားပြီးနောက် ရုရှားသမ္မတနှင့် အန္တရာယ်များသည့် သံတမန်ဆက်ဆံရေးကိုလည်း ကိုင်တွယ်ရမည်ဟု အိမ်ဖြူတော်က နိုဝင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

 

အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေရိစ်တွင် နိုဝင်ဘာ ၃၀ နှင့် ဒီဇင်ဘာ ၁ ရက်တို့၌ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးတွင် ထရန့်သည် သမ္မတရှီကျင်ပင်းနှင့် အလုပ်သဘော ညစာစားပွဲ၌ တွေ့ဆုံရန် စီစဉ်ထားသည်။ ထိုတွေ့ဆုံမှုတွင် သဘောတူညီချက်တစ်ခုရရန် ကောင်းမွန်သောအလားအလာရှိပြီး လမ်းလည်းဖွင့်ပေးထားသည်ဟု သမ္မတ က ပြောကြားခဲ့ကြောင်း စီးပွားရေးအကြံပေး Larry Kudlow က အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ သို့သော် အမေရိကန်၏ တောင်းဆိုချက်များကို တရုတ်က သဘောမတူဘဲ တင်းခံနေပါက အမေရိကန်က ကုန်သွယ်ရေးစစ်ပွဲအား အရှိန်ထပ်မြှင့်ရလိမ့်မည်ဟုလည်း ၎င်းက သတိပေးခဲ့သည်။

“အမေရိကန်-တရုတ်ထိပ်သီးဟာ အကျိုးမထူးဘူးဆိုရင်တော့ သူဟာ နောက် ထပ်ဒေါ်လာ ၂၆၇ ဘီလျံဖိုးရှိတဲ့ ကုန်တွေအပေါ် အခွန်ထပ်တပ်ရလိမ့်မယ်” ဟု Kudlow က ပြောကြားခဲ့သည်။အဆိုပါ အရေးကိစ္စသည် အာဂျင်တီးနားသို့ သွားမည့် ထရန့်၏ ခရီးစဉ်အပေါ် အလွှမ်းမိုးဆုံး ဖြစ်နေသည်။

ထရန့်က အကောင်းမြင်နေသည့် အကြောင်းကို Kudlow က ထပ်တလဲလဲ ပြောနေသော်လည်း တစ်ဖက်တွင်မူ တရုတ်အပေါ် အမေရိကန်က ပြင်းထန်သောချမှတ်မှုများ လုပ်ဆောင်လိုနေသည့် အကြောင်းကိုလည်း အလေးပေးပြောကြားခဲ့သည်။

“တရုတ်ဟာ သူရဲ့လုပ်ရပ်တွေကို ပြောင်းလဲပြီး တာဝန်ယူမှုရှိတဲ့ကုန်သွယ်ဖက် နိုင်ငံများ အစုအဝေးထဲကိုဝင်လာသင့်တယ်။ ဒီအခြေအနေကို ရင်ဆိုင်ပြီး ကောင်းကောင်းကိုင်တွယ်ဖြေရှင်းဖို့ အနေအထားတစ်ရပ် ကျွန်တော်တို့မှာရှိနေပါတယ်” ဟု Kudlow က ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်သည် မျှတပြီး အသွားအပြန်ရှိသော လမ်းတစ်ခုကို ဖွင့်ပေးရမည်ဖြစ်ကြောင်း နှင့် အမေရိကန်သည် နည်းပညာပိုင်း ခိုးယူခံရမှုများနှင့် ပတ်သက်ပြီး စိုးရိမ်နေသည့်အကြောင်းတို့ကိုလည်း ုကိူသပြော ကြားခဲ့သည့်အပြင် တရုတ်က ကျင့်သုံးနေသော ဖိအားပေး၍ နည်းပညာလက်လွှဲပေး ရသည့် မူဝါဒကိစ္စကိုလည်း ဖြေရှင်းရမည်ဟု သတိပေးခဲ့သည်။

ထရန့်သည် ရုရှားသမ္မတဗလာဒီမာ ပူတင်၊ အာဂျင်တီးနား၊ ဂျာမနီ၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ တူရကီနိုင်ငံတို့မှ ခေါင်းဆောင်များနှင့်လည်း သီးခြားစီ တွေ့ဆုံလိမ့်မည်ဖြစ်ကြောင်း အိမ်ဖြူတော် အရာရှိများက ပြောကြားခဲ့သည်။

ထရန့်သည် ပူတင်နှင့် ၂၀၁၈ ခုနှစ် ဇူလိုင်လက ဟယ်ဆင်ကီးတွင် နောက်ဆုံးအကြိမ် တွေ့ခဲ့ ခြင်းဖြစ်သည်။ ထိုစဉ်က ထရန့်သည်၂၀၁၆ ခုနှစ်က အမေရိကန် သမ္မတရွေးကောက်ပွဲသို့ ရုရှားဝင်စွက်ဖက်သည့် အကြောင်းနှင့်ပတ်သက်ပြီး ပူတင်ကို ထိပ်တိုက် ပြောဆိုခဲ့ခြင်းမရှိသဖြင့် ပြင်းပြင်း ထန်ထန်ဝေဖန်ခံခဲ့ရသည်။

ဆော်ဒီအိမ်ရှေ့မင်းသားမိုဟာမက် ဘင်ဆယ်မန်နှင့် ထရန့်တွေ့ဆုံရန် အစီအစဉ် မရှိကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

 

 

source:news-eleven

Shwe Burma