ရုရှားနှင့် စစ်ပွဲကြီး ဖြစ်ပွားနိုင်သည်ဟု ယူကရိန်းသမ္မတခြိမ်းခြောက်

ယခင်ဆိုဗီယက် ယူနီယံအဖွဲ့ဝင်ဟောင်း အိမ်နီးချင်းနှစ်နိုင်ငံကြားမှ တင်းမာမှုများသည် အရှိန်မြင့်တက်လာစဉ် ရုရှားနှင့် စစ်ပွဲကြီးဖြစ်လာနိုင်သည့် အန္တရာယ်ရှိကြောင်း ယူကရိန်းသမ္မတ ပီထရိုပိုရိုရှင်ကိုက နိုဝင်ဘာ ၂၇ ရက်တွင် သတိပေးခဲ့သည်။ ထို့ပြင် အိမ်နီးချင်း ရုရှားသည် နယ်စပ်၌ ချထားသည့် စစ်အင်အားကို ရုတ်ချည်း တိုးမြှင့်ခဲ့သည်ဟုလည်း ပိုရိုရှင်ကိုက ပြောကြားခဲ့သည်။

 

ပင်လယ်ပြင်၌ ထိပ်တိုက်တွေ့ခဲ့မှုသည် တအုံနွေးနွေးဖြစ်နေသော ယူကရိန်း-ရုရှား စစ်ရေး လိပ်ခဲတည်းလည်းဖြစ်မှုအခြေအနေအား စိုးရိမ်ဖွယ်မြင့်တက်လာစေနိုင်သည်ဟု ပိုရိုရှင်ကိုက သတိပေးခဲ့ခြင်းဖြစ်သည်။ “ဒီကိစ္စကို ပျော်စရာ၊ ကစားနေကြတာလို့ဘယ်သူမှ မထင်စေချင်ဘူး။ ယူကရိန်းဟာ ရုရှားနဲ့ မီးကုန်ယမ်းကုန်စစ်ပွဲဖြစ်ပွားနိုင်တဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရပါတယ်” ဟု သမ္မတက နိုင်ငံတော်ရုပ်သံနှင့် မေးမြန်းခန်းအတွင်း ပြောကြားခဲ့သည်။

ယူကရိန်း-ရုရှား နယ်စပ်တစ်လျှောက်တွင် ချထားသော ရုရှားတပ်ဖွဲ့ဝင်ဦးရေသည် သိသိသာသာ မြင့်တက်လာသည့်အပြင် တပ်ဖြန့်ထားသည့် ရုရှားတင့်ကားစီးရေမှာလည်း သုံးဆများပြားလာသည်ဟု ပိုရိုရှင်ကိုက ထောက်လှမ်းရေးသတင်းများကို ကိုးကား ပြောကြားခဲ့သည်။ သို့သော်စစ်ရေးအင် အားကြီးထွားလာမှု၏ အချိန်ကာလကိုမူ မပြောခဲ့ပေ။

ယူကရိန်းထံမှ ရုရှားတို့ သိမ်းယူထားသော ခရိုင်းမီးယားကျွန်းဆွယ်၏ ကမ်းလွန်တွင် နိုဝင်ဘာ ၂၅ ရက်က ယူကရိန်းစစ် သင်္ဘောသုံးစင်းကို ရုရှားစစ်တပ်ကဖမ်းဆီးခဲ့ပြီးနောက် ပိုရိုရှင်ကို၏သတိပေးချက်ထွက် လာခဲ့ခြင်းဖြစ်သည်။

ထိုယူကရိန်းသင်္ဘောပေါ်မှ သင်္ဘောအမှုထမ်း ၁၂ ဦးကို ရုံးတင်စစ်ဆေးခြင်း မလုပ်ဆောင်မီ နှစ်လကြာထိန်းသိမ်းထားရန် ခရိုင်းမီးယား၏ အဓိကမြို့ဆင်ဖီရိုပိုရှိတရား ရုံးက နိုဝင်ဘာ ၂၈ ရက်တွင် အမိန့်ချမှတ် ခဲ့သည်။ အမိန့်ချစဉ် ဆေးရုံတက်နေရသည့် သုံးဦးမှအပကျန် ယူကရိန်းသင်္ဘောအမှု ထမ်းအားလုံးကို တရားရုံး၌တွေ့ရသည်။

ယူကရိန်းအစိုးရကမူ ၎င်း၏ သင်္ဘောအမှုထမ်းများကို ပြန်လွှတ်ပေးရန် တောင်းဆိုပြီး ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများ ထပ်မံချမှတ်ပေးရန် ၎င်း၏ အနောက်နိုင်ငံ မဟာမိတ်များကို တိုက်တွန်းခဲ့သည်။

ပူတင်နှင့် တွေ့ဆုံမှုကို ထရန့်က ဖျက်သိမ်းဖွယ်ရှိ ထိုစဉ် အမေရိကန်သမ္မတဒေါ်နယ်

ထရန့်က ကာလရှည်ကြာစောင့်ဆိုင်းနေရ သော ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ထိပ်သီးတွေ့ဆုံမှုကို ဖျက်သိမ်းလိုက်နိုင်သည်ဟု သတိပေးခဲ့သည်။

ယခုသီတင်းပတ်ကုန်ရက်တွင် အာဂျင်တီးနားနိုင်ငံ၌ ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးတွင် ထရန့်သည် ပူတင်နှင့်တွေ့ဆုံရန် စီစဉ်ထားသည်။ သို့သော် ထရန့်က ပူတင်နှင့် တွေ့၊ မတွေ့ဆိုသည်မှာ ယူကရိန်း အရေးနှင့်ပတ်သက်၍ ၎င်း၏ အမျိုးသား လုံခြုံရေး အကြံပေးများထံမှ တင်ပြလာမည့် အစီရင်ခံစာအပေါ်မူတည်လိမ့်မည်ဟု ၀ါရှင်တန်ပို့စ်သို့ ပြောကြားခဲ့သည်။ “မတွေ့တာလည်း ဖြစ်သွားနိုင်ပါတယ်” ဟု ထရန့်က ပြောကြားခဲ့သည်။

နိုဝင်ဘာ ၂၅ ရက်က ထိပ်တိုက်တွေ့မှု ဖြစ်စဉ်သည် လာမည့်နှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ ပိုရိုရှင်ကိုအတွက် လူထုထောက်ခံမှုများမြင့်တက်စေရန် ရည်ရွယ်သော ရန်စမှုတစ်ခုဖြစ်သည်ဟု ရုရှား သမ္မတပူတင်က ပြောကြားခဲ့သည်။

ယခု ကိစ္စနှင့်ပတ်သက်၍ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ထပ်ချ၊ မချနှင့်ပတ်သက်ပြီး လာမည့်လတွင် ဆုံးဖြတ်သွားမည် ဖြစ်သည်ဟု သမဂ္ဂအလှည့်ကျဥက္ကဋ္ဌ နိုင်ငံဖြစ်သော သြစတြီးယားမှ နိုင်ငံခြားရေး ဝန်ကြီး ကာရန်နီဆယ်က နိုဝင်ဘာ၂ရရက်တွင် ပြောကြားခဲ့သည်။ “အရာအားလုံးဟာ ဖြစ်ပျက်နေတာတွေနဲ့ နှစ်ဘက်စလုံးရဲ့ လုပ်ရပ်တွေအပေါ်မှာ မူတည်ပါတယ်။ ဒါပေမဲ့ ပြန်ပြီးသုံးသပ်ဖို့တော့ လိုပါလိမ့်မယ်” ဟု နီဆယ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

 

 

source:news-eleven

Shwe Burma