မိုက်တီးရဲ့အချုပ်ထွက်စဉ်ပြောခဲ့တဲ့ စကားကြောင့် နောက်ဆုံးခရီးကိုလိုက်ပါပို့ဆောင်ရန် အာမခံလျှောက်ထားမှု လက်လျှော့ခဲ့ရ

ကေသီပန်ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ပဲ့ကိုင်ရှင် ဒါရိုက်တာမိုက်တီး၊ ဇော်ဝင်းမောင်၊ လင်းဇာနည်ဇော်၊ ချစ်ချစ်ဇော်တို့ရဲ့ ဖခင်ကြီးဖြစ်တဲ့ ဒါရိုက်တာ ဦးခင်ဇော် ဟာ ဒီဇင်ဘာလ (၃) ရက်နေ့ညအချိန်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ဖခင်ကို ပိုးကောင်လေးသဖွယ် အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်ခဲ့ကြတဲ့ သားသမီးတွေအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။

မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ရွှင်ခဲ့ကြပေမယ့် ဒါရိုက်တာမိုက်တီးတစ်ယောက်ကတော့ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒါရိုက်တာဦးခင်ဇော်တစ်ယောက် သူအချစ်ဆုံးသားပြန်အလာကို စောင့်နေတယ်ဆိုပြီးတော့ ချစ်ချစ်ဇော်ရဲ့ ရေးသားမှုတွေကို မကြာသေးခင်ကမှတွေ့ခဲ့ရပါသေးတယ်။ ဖခင်ကို ချစ်တဲ့ ဒါရိုက်တာမိုက်တီး နှင့် ဖခင်ရဲ့ အချစ်ရဆုံး သားဖြစ်သူ မိုက်တီးကို နောက်ဆုံးခရီးစဉ်လေးမှာ လိုက်ပါပို့ဆောင်ခွင့်ရစေချင်တဲ့ ပရိသတ်တွေလည်း များစွာရှိခဲ့ပါတယ်။

သို့သော်လည်း ဒီဇင်ဘာလ ၇ ရက်နေ့မှာ ဂူသွင်းသဂြိုလ်ခဲ့တဲ့ ဖခင်ရဲ့ နောက်ဆုံးခရီးကိုတော့ ဒါရိုက်တာမိုက်တီးတစ်ယောက် အချုပ်ထဲကနေပဲ ကန်တော့ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဖခင်ရဲ့နောက်ဆုံးခရီးမှာ ကန်တော့ခွင့်ရရှိဖို့ မိသားစုနဲ့ မိတ်ဆွေအသိုင်းအဝိုင်းက အာမခံလျှောက်ထားရန်ကြိုးစားခဲ့ကြသော်လည်း ဒါရိုက်တာမိုက်တီးတစ်ယောက် ရုံးထုတ်စဉ်ပြောလိုက်တဲ့စကားတစ်ခွန်းနဲ့ အာမခံလျှောက်ထားဖို့ လက်လျှော့ခဲ့ကြရတာဖြစ်ပါတယ်။

“ကိုမိုက် သူ၏ ဖခင်နာရေးကို လာလို့ရလားလို့မေးတဲ့သူတွေများလားလို့ အကုန်လုံးကို ပေါင်းဖြေပေးလိုက်ပါတယ် ဖခင်ရဲ့နောက်ဆုံးခရီးကို ဘယ်သားသမီးဆို ကတော့ချင်ကြပါတယ် မိတ်ဆွေအသိုင်းအဝိုင်းတွေက ဖခင်နာရေး နောက်ဆုံးကန်တော့ခွင့်ရရှိဖို့ အာမခံအနေနဲ့ လျှောက်ဖို့ကြိုးစားကြပါတယ်

ဒါပေမယ့် ကိုမိုက်ပြောလာတာက

“အဖေရဲ့ နောက်ဆုံးခရီးကို ကန်တော့ချင်ပါတယ်။ဒါပေမယ့် ဥပဒေရဲ့ဘောင်ထဲကပဲ အရင်လူတွေလည်း ခွင့်မပြုခဲ့သလို ကိုယ်ကိုတိုင်လည်း အခွင့်အရေးယူပြီး မထွက်ချင်ပါဘူး။ ဥပဒေဘောင်ထဲကပဲ အဖေကို ထောင်အချုပ်ထဲကပဲ စိတ်ထဲရည်မှန်းပြီး ကန်တော့မှာပါ……..ဝိုင်းကူကြတဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်”

ဒါကိုမိုက်တီးရဲ့ အဖေရဲ့နောက်ဆုံးခရီးအတွက် အချုပ်ထွက်စဉ် ပြောခဲ့တဲ့ စကားပါ။” လို့ အရှင်မထင်ဖေ့ဘုတ်ကနေပြီး ရေးသားဖော်ပြထားတာကို ချစ်ချစ်ဇော်က မျှဝေပေးထားတာဖြစ်ပါတယ်။

ခုလို တရားဥပဒေဘောင်ထဲကနေပြီး အခွင့်အရေးမယူတတ်တဲ့ ဒါရိုက်တာမိုက်တီးတစ်ယောက် ဖခင် ရဲ့ နောက်ဆုံးခရီးကို ကန်တော့ခွင့်မရလိုက်ပေမယ့် လေးစားဖို့ကောင်းတဲ့စိတ်ဓာတ်ကို မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရတာဖြစ်ပါတယ်။ ဒါရိုက်တာမိုက်တီးတို့မိသားစုလေးလည်း အရင်လို ပျော်ပျော်ရွှင်ရွှင်နဲ့ အမြန်ဆုံး ပြန်လည်နေနိုင်ပါစေလို့ ပရိသတ်တွေနဲ့ထပ်တူ ဆုတောင်းပေးလိုက်ပါတယ်။

Shwe Burma